မကွေး ၂၅ ဧပြီ
ကပ်ရောဂါအန္တရာယ်မှ ကာကွယ်ရန် မကွေးမြို့နယ်အတွင်း ကျေးရွာများ၌ နှာခေါင်းစည်းအကာအကွယ် တပ်ဆင်ရေး mask campaign များ ပြုလုပ်နေကြောင်း စည်ပင်ကော်မတီဥက္ကဌ ဦးဖိုးနီ ထံမှ သိရသည်။
လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များဖြစ်သည့် ဦးမြင့်ဦး၊ ဦးလှဆန်း၊ ဒေါ်ခင်ချိုလတ် တို့နှင့် ပရဟိတ ဆောင်ရွက်သူများက ဧပြီလ ၂၅ ရက်နေ့မနက်ပိုင်း၌ ကြာကန်၊ ညောင်ပင်သာနှင့် ညောင်ကန် ကျေးရွာများထိ အရောက်သွားကာ နှာခေါင်းစည်း mask အခုရေ ၁၉၀၀ အား ဖြန့်ဝေခဲ့ကြသည်။
" ဒီလှုပ်ရှားမှုကနေ mask အခုရေ ခြောက်သောင်းလောက်ဖြန့်ဖို့ ရည်ရွယ်ပါတယ်။ ကိုဗစ်ရန်ပုံငွေအဖွဲ့ကို mask ချုပ်ဖို့အဝတ်တွေ၊ ချုပ်ခတွေ လှူဒါန်းကြသူတွေ ရှိပါတယ်။ ရန်ပုံငွေကလည်း သိန်း ၁၄၀ လောက်ကျန်သေးတယ်။ mask campaign က ကျေးလက်မြို့ပြ နေရာအနှံ့မှာ လုပ်ဖို့ရည်ရွယ်ပါတယ် '' ဟု မကွေးစည်ပင်ကော်မတီ ဥက္ကဌ ဦးဖိုးနီက ပြောသည်။
မကွေးမြို့မှ ပရဟိတအဖွဲ့အစည်းများ ၊ မီးသတ်တပ်ဖွဲ့ ၊ ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက မကွေး-နတ်မောက် ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာသူ ပြည်သူများအား အသိပညာပေးခြင်း ၊ mask ဖြန့်ဝေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ကျေးလက်မြေပရဟိတအဖွဲ့ နာယက ဦးဇော်မင်းထိုက်ထံမှ သိရသည်။
ဇေယျတု(မကွေး)


