ဇီးကုန်း ၂၅ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ဖျားနာ၊ ချောင်းဆိုး သီးသန့်ပြင်ပလူနာများ ပြသနိုင်ရန် Fever Clinic ဆေးကုခန်းကို ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံအောက်ထပ်တွင် ယမန်နေ့မှစတင်ဖွင့်လှစ်ကုသပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ ဖျားနာ၊ နှာချေချောင်းဆိုး လူနာများကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ လာရောက်ပြသနိုင်ပြီး အရေးပေါ်အခြေအနေနှင့် ဖျားနာခြင်း မဟုတ်ပဲ အခြားရောဂါဝေဒနာများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ထိခိုက်ဒဏ်ရာရရှိသူများ သည် ၂၄ နာရီ ပုံမှန်ပြင်ပလူနာဌာတွင် ပြသနိုင်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြင်ပပုဂ္ဂလိကဆေးခန်း ဆရာဝန်များအနေနှင့်လည်း Fever Clinic တွင် အချိန်ပိုင်းတာဝန်ယူကူညီပေးနိုင်ကြောင်းနှင့် လိုအပ်သောဆေးဝါးများကို စေတနာရှင်များ လာရောက်လှူဒါန်းနိုင်ပါကြောင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ထံမှ သိရှိရသည်။
တင့်ဆွေ(ဇီးကုန်း)


