မကွေး    ၂၅    ဧပြီ  

  

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပြည်သူများမှ အခြေခံစားကုန်များကို ဘေးအန္တရာယ် ကင်းရှင်းစွာ အလွယ်တကူ ဝယ်ယူစားသောက် နိုင်စေရေးအတွက် ဒုတိယမြောက် ယာယီပျံကျဈေး အဖြစ် မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်းအတွင်း၌ ဆိုင်ခန်းကွက်များ သတ်မှတ်ကာ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ နံနက် ၆ နာရီမှ  ၁၀ နာရီအထိ ဝယ်ယူရောင်းချခွင့်ပြုထားကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။

 

မကွေးမြို့ မြသလွန်ဘုရားပွဲတော်ကွင်း၌ ယာယီဈေးတစ်ခုကို ဧပြီလ ၁၈ ရက်က ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ယာယီဈေးတွင် မြို့ဟောင်း၊ မြို့မအိုးဘို၊ ဆုံရပ်နှင့်နံကပ်ကျွန်းတို့မှ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

3698

 

မကွေးမြို့တွင် စည်ပင်သာယာဈေးများဖြစ်သည့် မြို့မဈေး၊ကန်သာဈေးနှင့် ရန်ပယ်ဈေးကြီးတို့ကို ယာယီပိတ်သိမ်း ထားရှိသည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါကို စည်းကမ်းတကျ ကာကွယ်နိုင်ဖို့ မြသလွန် ဘုရားကွင်း၌ ဖွင့်လှစ်သည့် ပထမယာယီဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၂၃၀ ရှိပြီး၊ နံနက် ၄ နာရီမှ ၁၀ နာရီ အထိ ရောင်းဝယ်မှုပြုပေးထားကာ ယခုဖွင့်လှစ်သည့် ဒုတိယ ယာယီဈေးတွင် ဆိုင်ခန်း အကွက်ပေါင်း (၂၆၀)ရိုက်ထားပြီး နံနက် ၆ နာရီမှ ၁၀ နာရီအထိ ဖွင့်လှစ်၍ ဝယ်ယူရောင်းချခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယာယီပျံကျဈေးအတွင်း ရောင်းချနေသည့် ဈေးသည်များကို မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ရှိသူများက ကြီးကြပ်၍ ဈေရောင်း၊ဈေးဝယ်သူများ အနေဖြင့် သတ်မှတ်အကွာအဝေးနေရာများ တွင် ရောင်းချဝယ်ယူနိုင်ရေး၊ အသားငါးများ၊ စားသုံးကုန်ပစ္စည်းများ ရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ရန်၊ လက်အိတ်များကို အသုံးပြုရန်၊ လက်ဆေးဘေစင်တွင် လက်ဆေးပြီးမှ ဈေးအတွင်းသို့ဝင်ရန်၊ စွန့်ပစ်အမှိုက်များကို သတ်မှတ်နေရာများတွင် စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီက ချမှတ်ထားသည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန်  ကြိုတင်အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)