မကွေး   ၂၅  ဧပြီ

 

တိုင်းဒေသကြီးအတွင်းရှိ သဘင်အစည်းအရုံးဝင် အနုပညာမိသားစု (၃၄၃၅)ဦးအား စားသောက်ကုန်များ လှူဒါန်းလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးမှ သိရသည်။

 

မြန်မာနိုင်ငံသဘင်အစည်းအရုံးနှင့် CB-KMA Foundation တို့ ပူးပေါင်း၍ သဘင်မိသားစုများအား တစ်ဦးလျှင် (ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန် (၁)ပိဿာ၊ ပဲထောပတ်(၁)ပိဿာနှင့် ဆား ၅၀ ကျပ်သား)နှုန်းဖြင့် လှူဒါန်းပေးခြင်း ဖြစ်သည်။

 

“Covid-19 ရောဂါ ကာကွယ်နေရတဲ့ကာလမှာ အနုပညာ ညီအကိုမောင်နှမများ စားဝတ်နေရေး ခက်ခဲမှု မရှိစေရေးအတွက် စာနာထောက်ထားပြီး ဗဟိုကနေ အောက်ခြေအဆင့်ထိ လှူဒါန်းပေးခြင်းဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးမင်းခန့်ကို က ပြောသည်။

 

ထိုသို့လှဒါန်းမှုအနေဖြင့် ယနေ့တွင် နတ်မောက်နှင့် မကွေးမြို့နယ်များရှိ တာဝန်ခံများထံ လှူဒါန်းပစ္စည်းများကို တိုင်းအမှုဆောင်များက လိုက်လံပေးပို့ခဲ့ပြီး မကွေးတိုင်းအတွင်း မြို့နယ်များသို့ ဆက်လက်ပေးပို့သွား မည်ဖြစ်ကြောင်း သိရသည်။

 

"ဒီနေ့မှာ မကွေးမြို့နယ်ထဲက သဘင်အနုပညာမိသားစု ၄၀၆ ဦးအတွက် ဆန် ၁၃၅ အိတ်နဲ့ စားသောက်ကုန်တွေကို တိုင်းတာဝန်ရှိသူတွေက လာပို့ကြပါတယ်။ သဘင်ဗဟိုဥက္ကဋ္ဌ ဦးဖိုးချစ်နဲ့ CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့ကို သဘင်လောကသားတွေကိုယ်စား ကျေးဇူးတင်ရှိပါတယ်” ဟု မကွေးမြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးသန်းဇော်ဗိုလ် က ပြောသည်။

 

အဆိုပါ စားသောက်ကုန် လှူဒါန်းမှုများကို ဧပြီ ၂၅ ရက်မှ ၃၀ ရက်အတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ သဘင်အစည်းအရုံးဝင်ဦးရေ နှစ်သောင်းနှစ်ထောင်ခန့်အတွက် ငွေကျပ် သိန်း ၃၀၀၀ အသုံးပြုထားကြောင်း မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးမင်းခန့်ကိုထံမှ သိရသည်။

 

ဇေယျတု(မကွေး)