ပုသိမ်  ၂၅  ဧပြီ  

 

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ယနေ့နံနက်တွင် နေရပ်ပြန် ဝန်ထမ်းများ နှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့်သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မည့် ပညာရေးကောလိပ် (ပုသိမ်) နှင့် နည်းပညာတက္ကသိုလ် (ပုသိမ်) သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ယင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် တိုင်းကျန်းမာရေးဦးစီးဌာန၊ Regional Facility Quarantine တာဝန်ခံ ဒေါက်တာမြတ်မင်းစိုးက ပညာရေးကောလိပ်တွင် အမျိုးသမီး ဝန်ထမ်းများအတွက်  ပမ္မဝတီဆောင်၌ နှစ်ယောက်ခန်း (၆၈) ခန်း၊ အမျိုးသား ဝန်ထမ်းများအတွက် နှစ်ယောက်ခန်း (၄၄) ခန်း စီစဉ်ထားရှိမှု၊ ယခုလက်ရှိ ဝန်ထမ်းများအနေဖြင့် ကျား(၁၁)ဦး၊ မ(၁၇)ဦး ပေါင်း (၂၈) ဦးတို့အား Quarantine ဝင်ရောက်နေမှု၊ ပြည်ပမှပြန်လည် ရောက်ရှိလာမည့် သူများအတွက် ချယ်ရီဆောင်တွင် နှစ်ယောက်ခန်း (၇၄) ခန်း ပြင်ဆင်ထားရှိမှု အခြေအနေများ၊ အစိုးရနည်းပညာတက္ကသိုလ် (ပုသိမ်) ၌ ပြည်ပမှ ပြန်လည်ရောက် ရှိလာမည့်သူများအား ကံ့ကော်ဆောင်တွင် တစ်ယောက်ခန်း (၇၅) ခန်း စီစဉ်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။

 

ထို့နောက်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါနေရာများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

 

ကိုတွတ် (ပြန်/ဆက်)