ရန်ကုန်   ၂၅  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူ (၃၀)ဦးနှင့် ပြည်တွင်းမှ (၈)ဦး စုစုပေါင်း (၃၈)ဦးတို့အား စောင့်ကြည့်ရေးစခန်းများ၌ စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်  ပိုးသတ်ဆေးဖျန်းခြင်းတို့ကို စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ကာလအတွင်း စီမံနိုင်ရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများ၌ လူဦးရေ(၆၀၀)ခန့် စောင့်ကြပ်ကြည့်ရှုနိုင်သည့် စောင့်ကြည့်ရေးစခန်းနေရာ (၃၀)ကိုလည်း   ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။

 

ထို့ပြင် အောင်မင်္ဂလာရပ်ကွက်ရှိ သံသယလူနာ(၁)ဦးအား တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုအရ ရန်ကုန်တက္ကသိုလ် သံလွင်ဆောင်သို့ ပို့ဆောင်ထားရှိကြောင်း၊ ဒလမြို့နယ်အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည် ရောက်ရှိသူများနှင့် သံသယလူနာ(၁)ဦး အပါအဝင် စောင့်ကြည့်ခံရသူများအားလုံး ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း၊ မြို့နယ်အတွင်း အရေးပေါ်ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် သမဝါယမအသင်းပိုင် ကမာကသွယ်ကူးတို့ဆိပ်၌ စက်တပ်သမ္ဗန်(၃)စီးအား ကြိုတင်စီစဉ်ပေးထားကြောင်း၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေး ပြောသည်။

 

လက်ရှိအချိန်တွင် ပြည်တွင်းမှ ပြန်လည်ဝင်ရောက်လာသူများသာ နေအိမ်၌ (၂၈)ရက် စောင့်ကြပ်ထားရှိမည်ဖြစ်ပြီး၊ ပြည်ပမှ ပြန်လာသူများအားလုံးကို  အမှတ်(၁) တပ်မတော်စစ်ကြောရေနှင့် တည်းခိုရေးစခန်းများ၌ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။    

 

ဒလမြို့နယ်အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာသူဦးရေ (၂၀၄)ဦးရှိရာ လက်ရှိအချိန်၌ ပြန်လည် စေလွှတ်ပြီးသူဦးရေမှာ ၁၇၃ ဦးရှိပြီး နေအိမ်၌ ၁၀ ဦး၊ ဘာသာရေးအဆောက်အဦ၌ ၄ ဦး၊ စာသင်ကျောင်း/ တက္ကသိုလ်၌ ၂၄ ဦး၊ စုစုပေါင်း (၃၈)ဦးသာ ကျန်ရှိကာ အားလုံးကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ပြန်ဆက်)