မန္တလေး ၂၅ ဧပြီ
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသည့် မတ္တရာမြို့နယ်တွင် အသုံးပြုရန် တစ်ခါသုံးနှာခေါင်းစည်း တစ်ထောင်နှင့် အဝတ်နှာခေါင်းစည်း လေးထောင်အား ဧပြီ ၂၄ ရက်နေ့က မတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အသီးသီးမှာရှိကြတဲ့ စည်ပင်သာယာရေး အဖွဲ့တွေကို တစ်ခါသုံး Mask တွေ ဝယ်ယူပြီးအချိုးကျ ထောက်ပံ့ခဲ့တဲ့အပြင် အဝတ်နှာခေါင်းစည်းတွေကိုလည်း ချုပ်လုပ်ပြီးထောက်ပံ့ပေးခဲ့ပါတယ်။ လက်ရှိမှာလည်း ရောဂါပိုးတွေ့ရှိတဲ့ မတ္တရာမြို့နယ်အတွက် တစ်ခါသုံး Mask တွေနဲ့ အဝတ်နှာခေါင်းစည်းတွေကို ထပ်မံလှူဒါန်းပေးအပ်တာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၂ မြို့နယ်မှ စည်ပင်သာယာရေးအဖွဲ့များသို့ ပထမအကြိမ်အဖြစ် တစ်ခါသုံး Mask များနှင့် အဝတ်နှာခေါင်းစည်း တစ်သောင်းတစ်ထောင်၊ ဒုတိယအကြိမ်အဖြစ် တစ်ခါသုံး Mask နှင့် အဝတ်နှာခေါင်းစည်း နှစ်သောင်းနှစ်ထောင်ကျော်ကို ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ဧပြီ ၁၃ ရက်နေ့မှစ၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် စျေးရောင်းချသူများနှင့် စျေးဝယ်သူများအားလုံး စျေးအတွင်းသို့ Mask မတပ်ဆင်ဘဲဝင် ရောက်ခွင့် မပြုရန် Mask Campaign ပြုလုပ်၍ စည်းကမ်းသတ်မှတ်ခဲ့သည့်အပြင် နှစ်ဆန်းတစ်ရက် နောက်ပိုင်းမှစ၍ Mask တပ်ဆင်ခြင်း မရှိဘဲပြင်ပ၌ သွားလာသူများအား ဥပဒေအရအရေးယူရန် ထုတ်ပြန်ကြေငြာခဲ့သည်။
အဆိုပါ အစီအစဉ် မစတင်မီကာလ၌ မန္တလေးမြို့တွင်းရှိ အသွားအလာ များပြားသည့်နေရာများတွင် ပြန်လည် လျော်ဖွတ်အသုံးပြုနိုင်သည့် mask များချုပ်လုပ်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


