ရန်ကုန်  ၂၅  ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Shinhan Financial  Group  မှ (COVID-19) Test Kits နှင့် Personal Protective Equipment (PPE)များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

 

လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး လီဆန်းဟွာနှင့် ဆေးသုတေသန ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့က အမှာစကားပြောကြားပြီး Shinhan Financial  Group  ၏ Myanmar country head ဖြစ်သူ CEO  Mr. Kang Hyung Hun က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး လီဆန်းဟွာနှင့် Shinhan Financial   Group မှ တာဝန်ရှိသူများက (COVID-19) Test Kits နှင့် Personal Protective Equipment (PPE)များကို ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက်  ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က Shinhan Financial  Group မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ဆေးသုတေသနဦးစီးဌာနရှိ Molecular Laboratory အတွင်း လှည့်လည်ကြည့်ရှုကြသည်။ 

 

ယနေ့ လှူဒါန်းမှုသည် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ရှင်းဟန်ဘဏ် (ရန်ကုန်ရုံးခွဲ)၊ ရှင်းဟန်အသေးစား ငွေချေးလုပ်ငန်းနှင့် ရှင်းဟန်ကတ်ဒ်တို့ပါဝင်သော ကိုရီးယား သမ္မတနိုင်ငံ အခြေစိုက် Shinhan Financial Group မှ လူတစ်သောင်းကို စစ်ဆေးနိုင်သည့် (COVID-19) Test Kits  (၁၀၀) နှင့် Personal Protective Equipment (PPE) ဝတ်စုံ (၃၀၀) ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 (သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-နေလင်း)