၁။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေ့ရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွား များအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်များအား ၃၀-၄-၂၀၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါ ကြေညာချက်များအား ထုတ်ပြန်ထားခဲ့ပါသည်-

 

(က) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊

 

(ခ) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊

 

(ဂ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ် ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊

 

(ဃ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့်နှင့် လူမှုရေးဗီဇာအပါအဝင် မည်သည့်ပြည်ဝင် ဗီဇာအမျိုးအစားကိုမဆို
ယာယီရပ်ဆိုင်းမှုနှင့် စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊

 

၂။ COVID-19 ကူးစက်ရောဂါ ပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံများကို ဆက်လက်ချမှတ် ဆောင်ရွက်နိုင်ရန် ရှေ့ရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်သွားမည်ဖြစ်ပါသည်။

 

၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၁၁-၄-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ အားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အချိန်မှစတင်၍ သတ်မှတ်နေရာများတွင် (၂၁)ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံယူခြင်း နှင့် မိမိနေအိမ်တွင် (၇)ရက်ကြာ သီးခြားနေထိုင်ခြင်းတို့ကို့ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၅ ရက်