ငါ့သရောက်  ၂၅  ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ် ဆီးသီးပေါ်ချိန် ဆီးသီးဈေး ကောင်းမွန်ခြင်းကြောင့် ဆီးသီးတစ်တင် လေးထောင်ကျပ်ထိပေးဝယ်ရကာ ဆီးသီးအဆံ ကြိတ်ခွဲလုပ်ငန်းအား လုပ်ကိုင်နေရကြောင်း ငါ့သရောက်မြို့မှ ဆီးသီးဆန်လုပ်ငန်းရှင် ဦးကျော်အောင်ထံမှ သိရသည်။

 

အဆိုပါ ဆီးသီးများအား ပေါ်ချိန်မှ စတင်ဝယ်ယူထားပြီး အခြောက်လှန်းကာ ကြိတ်ခွဲ၍ ဆီးသီးဆံများ ထုတ်ယူကာ ရောင်းချကြကြောင်း၊ ကျောက်ပန်းတောင်းမြို့တွင် ဆီးသီးကြိတ်ခွဲလုပ်ငန်း အများအပြားရှိသော်လည်း ငါ့သရောက်မြို့တွင် ဆီးခွဲစက် တစ်စက်ပဲရှိကာ ဆီးယိုလုပ်ငန်း အမြောက်အများရှိကြောင်း သိရသည်။

 

အညာဒေသထွက် ဆီးသီးများအား ညောင်ဦးခရိုင် ညောင်ဦးမြို့၊ ပုဂံမြို့၊ ငါ့သရောက်မြို့နှင့် မြင်းခြံခရိုင် တောင်သာမြို့၊ ငါန်းဇွန်မြို့၊ နွားထိုးကြီးမြို့နှင့် မြင်းခြံမြို့နယ်တို့ရှိ ကျေးလက်တောရွာများမှ ထွက်ရှိသည့် ဆီးသီးများအား ဆီးသီးပွဲစားများမှတစ်ဆင့် လိုက်ဝယ်ကြကာ ဆီးသီးခွဲကြိတ်လုပ်ငန်းနှင့် ဆီးသီးယိုလုပ်ငန်းအတွက် ရသလောက်ဝယ်ယူကြပြီး ဂိုထောင်များဖြင့် လှောင်ထား၍ ဆီးသီးဆံကြိတ်ခွဲကြကြောင်း သိရသည်။

 

မနှစ်က ဆီးသီးတစ်တင်း နှစ်ထောင်ငါးရာကျပ်မှ သုံးထောင်ကျပ် ဝယ်ယူရသော်လည်း ယခုနှစ်တွင်  ဆီးသီးတစ်တင်း သုံးထောင်ငါးရာကျပ်မှ လေးထောင်ငါးရာကျပ်ထိ ဈေးပေးဝယ်ယူရကြောင်း ဆီးသီးပွဲစားများက ပြောသည်။

 

ဆီးသီးခွဲစက်များသည် ထွက်ရှိလာသည့် ဆီးသီးဆန်များအား မန္တလေးရှိ ဆီးသီးဆံ ကုန်သည်ပွဲစားများဖြင့် ချိတ်ဆက်ရောင်းကြခြင်း၊ ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း ဆီးသီးဆံပွဲစားများသို့ သွားရောက်ရောင်းချခြင်း၊ ထိုပွဲစားများမှတစ်ဆင့် တရုတ်ဆီးသီးဆံ ပွဲစားများသို့ ပြန်လည်ရောင်းချကြကြောင်း ငါ့သရောက်မြို့ ဆီးသီးခွဲလုပ်ငန်းပိုင်ရှင် ဦးကျော်အောင်မှ ရှင်းပြသည်။

 

ဆီးသီးတစ်တင်းကြိတ်ခွဲလျှင် ဆီးသီးဆံ နှစ်ဆယ့်ငါးကျပ်သား သာရပြီး ဆီးသီးလေးတင်းကြိတ်ခွဲမှ ဆီးသီးဆံ တစ်ပိဿာရရှိကြောင်း၊ ဆီးသီးဆံ တစ်ပိဿာရောင်းလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ထိ ရောင်းချရကြောင်း သိရသည်။

 

ဆီးသီးဆံ တစ်မျိုးသာ တရုတ်ပွဲစားများ ဝယ်ယူကြပြီး ဆီးသီးကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဆီးမှုန့်၊ ဆီးမှုန့်အလတ်၊ ဆီးမှုန့်ထိပ်စ၊ ဆီးခွဲဖတ်တို့အား ပြည်တွင်းတွင် ပြန်လည်ရောင်းချရကြောင်း၊ ဆီးမှုန့်တစ်တင်း ၂၀၀ ကျပ်၊ ဆီးမှုန့်အလတ် တစ်တင်း ၅၀၀ ကျပ်၊  ဆီးခြမ်းထိပ်စ ၁၀၀၀ ကျပ်၊ ဆီးခွဲဖတ်တစ်ပိဿာ ၁၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချရကြောင်း ဦးကျော်အောင်မှ ရှင်းပြသည်။

 

ဆီးသီးဆံအား တရုတ်နိုင်ငံတွင် တိုင်းရင်းဆေးဝါးထုတ်သည်ဟု သိရသော်လည်း ပင်သစ်နိုင်ငံ၊ အီတလီနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့မှလည်း ဆီးသီးဆံဝယ်ယူမှုရှိကြောင်း ငါ့သရောက်မြို့ ဆီးသီးဆံလုပ်ငန်း လုပ်ကိုင်သည့် ဦးကျော်အောင်က ပြောသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း