ပွင့်ဖြူ ၂၅ ဧပြီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် အင်းကုန်းကျေးရွာ၊ လယ်မကျေးရွာနှင့် ဆင်လူးကျေးရွာရှိ ကျေးရွာကြက်ခြေနီ အသင်းခွဲရုံးများသို့ သွားရောက်ပြီး ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စန်းမြင့်နှင့် ပူးပေါင်းအဖွဲ့များက အင်းကုန်းကျေးရွာ၊ လယ်မကျေးရွာ၊ ဆင်လူးကျေးရွာရှိ ကျေးရွာကြက်ခြေနီအသင်းခွဲမှ အဖွဲ့ဝင်များအား တွေ့ဆုံ၍ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရေး ပညာပေးစည်းရုံး ဆောင်ရွက်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ် များနှင့်ပက်သက်ပြီး ထိခိုက်ပျက်စီးမှုများ လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန် ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာကြက်ခြေနီ အသင်းခွဲတစ်ခုလျှင် နှာခေါင်းစည်း အခု ၅၀ ၊ (Hand Gel) တစ်ဗူးနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်ပိုစတာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများအဖွဲ့သည် ဆင်လူးကျေးရွာတွင် ဧပြီ ၉ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် တစ်လုံး အမိုးလန်ပျက်စီးသည့် လေဘေးသင့်အိမ်ထောင်စုအား သွားရောက်တွေ့ဆုံပြီး တစ်ကိုယ်ရေသန့်ရှင်းရေး သုံးပစ္စည်းများနှင့် တာပေါ်လင် (မိုးကာ) တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


