ဟား ခါး ၂၅ ဧပြီ
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဟားခါးမြို့ဝင်၊ မြို့ထွက် နေရာများတွင် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့တွင် ဟားခါး-ဖလမ်းကားလမ်းရှိ ဟားခါးထာရ်ရပ်ကွက် လုံခြုံရေးစစ်ဆေးရေးဂိတ်၊ ဟားခါး-ဂန့်ဂေါ ကားလမ်း၊ မြို့ဝင်လုံခြုံရေး စစ်ဆေးရေးဂိတ် စသည့် သတ်မှတ်နေရာများတွင် ဟားခါးမြို့သို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ် စီးနင်းလာသူများကို ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီးသည်။
ချင်းပြည်နယ် ဟားခါးမြို့ လုံခြုံရေးစစ်ဆေးသည့် ဂိတ်နေရာများတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ဟားခါးမြို့ အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်မောင်းများနှင့် ယာဉ်နောက် လိုက်များအား ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များအား အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန် /ဆက်)


