မြဝတီ ၂၅ ဧပြီ
ကရင်ပြည်နယ်၊ မြဝတီခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီသို့ အဝတ်နှာခေါင်းစည်း အခု ၅၀၀၀ ချုပ်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဝတ်နှာခေါင်းစည်းများကို မြဝတီခရိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့ ပူးပေါင်းပြီး ချုပ်လုပ်လှူဒါန်းခြင်း ဖြစ်သည်။
“အခုက ပထမအကြိမ် အခုရေ ငါးထောင် လှူတာပါ၊ နောက်လိုအပ်မယ်ဆိုရင်လည်း ဆက်လှူသွားမှာပါ၊ Mask တပ်ခြင်းအားဖြင့် ဒီကိုဗစ်ရောဂါကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်မယ်၊ ပြီးတော့ ဝယ်ဖို့မတတ်နိုင်တဲ့ ပြည်သူတွေလည်း အဆင်ပြေမယ်၊ အဲ့လို ရည်ရွယ်ချက်နဲ့ လှူဒါန်းတာပါ” ဟု မြဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့ စီမံရေးရာဌာနမှူး ဒေါ်စန်းစန်းအေးက ပြောသည်။
အဆိုပါ အဝတ်နှာခေါင်းစည်း ချုပ်လုပ်နေမှုများအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် တာဝန်ရှိသူများ၊ မြဝတီခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးမြမြကြိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ယနေ့ နံနက် ၁၀ နာရီက လာရောက်ကြည့်ရှုခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


