mdn

နေပြည်တော် ၂၆ ဧပြီ

 

လူသားတို့သည် မိမိတို့၏ လူ့ဘဝလမ်းကို ရှည်လျားသော ဘဝခရီး အဖြစ် တွေးမြင်ကာ လျှောက်လှမ်းကြ၏။ မြန်မာအများစုတို့၏ အစဉ်အလာယုံကြည်မှုတွင် ဘဝလမ်းကို သံသရာခရီးအဖြစ်ရှုမြင် ကြလေ့ရှိသည်။

 

ထိုသံသရာခရီးကို အောင်မြင်စွာ ဖြတ်သန်းနိုင်ရေးအတွက် အစဉ်အလာအဆုံးအမမှာ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ ဟူသော အခြေခံ တရားလေးပါး ဖြစ်၏။ မကောင်းမှုလုပ်လျှင် မကောင်းတာ ဖြစ်မည်။

 

ကောင်းမှုကိုလုပ်လျှင် ကောင်းတာဖြစ်မည်ဟု ယုံကြည်ခြင်းကို သဒ္ဓါဟု ခေါ်၏။ ကောင်းတာကိုသာလုပ်ကြပါစို့ မကောင်းတာကို ရှောင်ကြဉ် ကြပါစို့ ဟူသည့် ယုံကြည်ချက်။ သဒ္ဓါ။

 

ထိုသို့ ယုံကြည်သည့်အတိုင်း ကောင်းမှုကိုသာ လိုက်နာကျင့်ကြံ လုပ်ဆောင်ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း သည် သီလ ဖြစ်၏။ မိမိတွင်ရှိသည်ကို အများအတွက် စွန့်လွှတ်ပေးလှူခြင်းသည် စာဂ။

 

ထိုထိုသော သဒ္ဓါ၊ သီလ၊ စာဂတို့၏ အခရာအကျဆုံးသည်ကား ပညာဖြစ်၏။ မည်သည်က ကောင်းသလဲ၊ မည်သည်တို့ကို ကျင့်ကြံ လိုက်နာခြင်းက ကောင်းမှုကိုပြုခြင်းလဲ။ မည်သည်တို့က မကောင်းမှုလဲ၊ မည်သည့် မကောင်းမှုများကို ရှောင်ကြဉ်ရမလဲဟု နားလည်သိမြင် ခြင်းသည်ကား ပညာဖြစ်၏။ မည်သည်ကို စွန့်ကြဲပေးလှူ မလဲ၊ မည်သည့်အချိန်တွင် မည်သူတို့အတွက် စွန့်လွှတ်မလဲဆိုသည်ကို  ကျကျနန နားလည်သိမြင်ခြင်းကား ပညာဖြစ်၏။

 

ထိုပညာဉာဏ်ဖြင့် ယှဉ်ကာ သဒ္ဓါ၊ သီလ၊ စာဂ ဆိုသည့် တရား တို့ဖြင့် လောကခရီး၊ သံသရာခရီးကို လျှောက်လှမ်းခြင်းသည်သာ လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ ငြိမ်းချမ်းရာ ပန်းတိုင်ဆီသို့ အရောက်ချီနိုင် မည်ဟု ယုံကြည်ကြ၏။

 

ကိုဗစ်-၁၉ ရောဂါ ကမ္ဘာမြေမှာ ပေါ်ပေါက်လာသည့်အခါ ကမ္ဘာ့ပြည်သူတို့ ရုတ်တရက် မည်သို့တုံ့ပြန်ရမှန်း မသိအောင်ပင် ယောက်ယက်ခတ်သွားခဲ့သည်။ အမှန်တော့ ယနေ့အချိန်ထိလည်း ကမ္ဘာ့နိုင်ငံအသီးသီးသည် ရရာ လက်နက်စွဲကိုင်ပြီး နည်းမျိုးစုံဖြင့် ကျားကုတ်ကျားခဲ တွန်းလှန်နေကြဆဲဖြစ်၏။ သို့သော်လည်း ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်ခြင်းတော့ ယနေ့တိုင် မရှိသေး။

 

အနှီ ဗိုင်းရပ်စ်ရောဂါပိုး၏ သဘာဝ၊ ကူးစက်ပျံ့နှံ့ပုံနှင့် ရောဂါဖြစ်ပွားသူတို့၏ ဝေဒနာတို့ကိုထောက်ရှုပြီး ကမ္ဘာ့ပညာရှင် အသီးသီး တို့၏ ယေဘုယျမှတ်ချက်မှာ ယနေ့ကြုံတွေ့နေရသော ကပ်ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေး၊ ရောဂါကာကွယ်ရေး၊ ကုသရေးတို့သည် ရေရှည် စစ်ပွဲ ဖြစ်သည်ဟူ၏။

 

ယခု ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခုဖြစ် ယခုအင်အားသုံး၊ ယခုဝိုင်းတိုက်၊ ယခုပြီးဆုံး ဆိုသည်မျိုးမဟုတ်ဘဲ ရေရှည်ပြေးရမည့်  မာရသွန်ခရီးရှည်မျိုးဖြစ်ချေသည်။ ကပ်ရောဂါကို ပိုင်ပိုင်နိုင်နိုင်ဖြင့် လုံးဝထိန်းချုပ်နိုင်၊ ကာကွယ်နိုင်၊ ကုသနိုင်သည်အထိ စိတ်ရှည်ရှည် ဇွဲကောင်းကောင်း၊ ဝီရိယကြီးကြီး၊ ပညာဉာဏ်ကြီးကြီးဖြင့် နည်းလမ်း ရှာဖွေရင်း၊ ဆေးရှာဖွေရင်း ပန်းတိုင်ရောက်အောင် ပြေးကြရမည့်ပွဲ ဖြစ်၏။

 

သည်လို မာရသွန်ခရီးကို ပန်းတိုင်ရောက်သည်အထိ လျှောက် လှမ်းနိုင်ကြရာတွင် အဓိကအကျဆုံးမှာ ယုံကြည် ချက်ဖြစ်ပါသည်။ လူသားတို့၏ ညီညွတ်မှုအင်အား၊ ဉာဏ်ပညာအင်အားတို့ဖြင့် အောင်မြင်ရမည်ဟူသော ယုံကြည်ချက်၊ လူတစ်ဦးချင်းစီက မိမိတို့ လိုက်နာသင့်သည်ကို တိတိကျကျ လိုက်နာခြင်း၊ ရှောင်ကြဉ်သင့်သည်ကို ပြတ်ပြတ်သားသား ရှောင်ကြဉ်ခြင်းတို့ဖြင့် ကပ်ရောဂါကို ထိန်းချုပ်နိုင်မည်။ ကာကွယ်နိုင်မည်ဟူသော ယုံကြည်ချက်ဖြစ်၏။

 

ထိုသို့ ယုံကြည်သည့်အတိုင်း ပညာဉာဏ်ဖြင့်ယှဉ်ကာ လိုက်နာရမည်တို့ကို လိုက်နာ၊ ရှောင်ကြဉ်ရမည်တို့ကို ရှောင်ကြဉ်ကြခြင်းဖြင့် မာရသွန်ခရီးကို လျှောက်လှမ်းကြရမည် ဖြစ်၏။

 

ထို့အတူ ယနေ့ကြုံနေကြရသော ကပ်ရောဂါသည် လူသားတစ်ရပ်လုံး၏ ပြဿနာ၊ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို စိန်ခေါ်နေမှုအဖြစ် နားလည်ကာ အထက်တွင်ဆိုသကဲ့သို့ လူတစ်ဦးချင်းစီက ပူးပေါင်း ပါဝင်လုပ်ဆောင်ကြဖို့ လိုပါ၏။ ထို့ပြင်တစ်ဝ မေတ္တာ၊ စာဂနှင့် ဝီရိယ တို့ကို လက်ကိုင်ပြုထားကြသော ကျန်းမာရေးဝန်ထမ်းများ၊ စေတန ဝန်ထမ်းပရဟိတသမားများ၊ နယ်ပယ်အသီးသီးမှ အလှူရှင်စေတနာရှင်များ အစရှိသူတို့၏ စွန့်လွှတ်မှုအမျိုးမျိုး တို့အားဖြင့် ယနေ့ရင်ဆိုင် နေရသော ကပ်ရောဂါကို ထိန်းချုပ်အောင်မြင်နိုင်ကြမှာ မုချဖြစ်သည်ဟု ယုံကြည်အပ်ပါသတည်း။

 

မြန်မာ့အလင်း