ဧပြီလ ၂၄ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ လူနာ ၁၂ ဦး ထပ်တိုးလာ သဖြင့် မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၄၄ ဦး ရှိပြီဖြစ်သည်။ ရောဂါပိုးတွေ့ရှိသူများမှာ စီးပွားရေးမြို့တော်တည်ရှိရာ ရန်ကုန်တိုင်းဒေသ ကြီးမှ ၁၁၂ ဦး၊ သေဆုံးသူ လေးဦးဖြင့် အများဆုံးဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပိုးတွေ့ရှိသူများမှာ ပဲခူးတိုင်းဒေသကြီးမှ ခုနစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ခြောက်ဦး၊ ချင်းပြည်နယ်မှ ငါးဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးမှသုံးဦးစီ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ နှစ်ဦးစီနှင့် နေပြည်တော်၊ မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်မှ တစ်ဦးစီတို့ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များတွင် ရောဂါပိုးတွေ့ရှိ သဖြင့် နိုင်ငံတော်အစိုးရက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများကို အလျင်အမြန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေး နေသည်။ လက်တွေ့ရောဂါဖြစ်ပေါ်တွေ့ရှိမှုအနေအထားနှင့် ဆောင်ရွက်ပေး နေသည့်အခြေအနေများအရ မြို့နယ်များတွင် အလေးထားဆောင်ရွက် ပေးနေသဖြင့် ဝေးလံခေါင်သီသည့် တိုင်းရင်းသားဒေသများ၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ပေးခြင်းရှိ၊ မရှိကို သိရှိနိုင်ရန် လိုမည် ဖြစ်သည်။
ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြန်လည် ရှင်းလင်းဖြေကြားထားပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာဒေသခွဲခြားခြင်း အလျဉ်းမရှိဘဲ နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ No one left behind Policy ချမှတ်ထားကြောင်းသိရသည်။ လက်တွေ့တွင်လည်း အဆိုပါမူဝါဒနှင့်အညီ အကြားအလပ်မရှိဘဲ ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
တိုင်းရင်းသားများ အခြေပြုရာဒေသများတွင် နေထိုင်ကြသူများ အားလုံးသည် ပြည်ထောင်စုသားညီနောင်ဖွား မြန်မာနိုင်ငံသားများပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် စတင်လှုပ်ရှား သည်နှင့် တစ်နိုင်ငံလုံးလွှမ်းခြုံကာ ဖြန့်ကြက်ဆောင်ရွက်နိုင်ရေးအတွက် NRPC မှ NCA လက်မှတ်ရေးထိုးပြီးသားအဖွဲ့ ၁၀ ဖွဲ့၊ လက်မှတ်မထိုးရ သေးသည့် အဖွဲ့ ရှစ်ဖွဲ့၊ စုစုပေါင်း အဖွဲ့ ၁၈ ဖွဲ့ထံသို့ မတ်လ ၁၉ ရက် နေ့စွဲ ဖြင့် ကျန်းမာရေးလမ်းညွှန်ချက်များ ပေးပို့ထားပြီးဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားပြည်သူ လူထုအတွင်း ဆောင်ရွက်ရမည့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ဂိတ်များတွင် ဆောင်ရွက်ရမည့် ကျန်းမာရေးလမ်းညွှန် ချက်များရရှိထားပြီး အထူးဒေသ(၄) မိုင်းလားတွင် တရုတ်နိုင်ငံမှ ပြန်လည် စေလွှတ်လိုက်သည့် မြန်မာနိုင်ငံသား ၃၆၀၇ ဦးကို မိုင်းလားဒေသတွင် Quarantine ၂၁ ရက်ထားရှိပြီးမှ ရှမ်းပြည်နယ်အစိုးရမှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ပြန်လည်ပို့ဆောင်ပေးနေသည်ကို တွေ့ရမည် ဖြစ်သည်။
ကြေးမုံ