ရိခေါ်ဒါရ်   ၂၆     ဧပြီ

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ကုန်တင်ကုန်ချအလုပ်သမားအသင်းရုံးမှ ကုန်တင်ကုန်ချ အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာလအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေးအတွက် ဆန်အိတ်များကို ဧပြီ ၂၅ ရက်က  မြို့ကုန်တင်ကုန်ချရုံး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆန်အိတ်များ ဖြန့်ဝေပေးခြင်းကို မြို့ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျင်လမ်းခိုင်၊ ကုန်တင်ကုန်ချအလုပ်သမားများ စောင့်ရှောက်ရေးမှူး ဦးဗန်လာလ်ဒုနှင့် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကုန်တင်ကုန်ချအလုပ်သမား (၄၁၉)ဦးတို့အတွက် ဆန်အိတ် (၄၁၉)အိတ်ကို ကလေးမြို့သို့ သွားရောက်ဝယ်ယူခဲ့ပြီး ကုန်တင်ကုန်ချအလုပ်သမားတစ်ဦးလျှင် ဆန်အိတ် တစ်အိတ်စီ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ ကုန်တင်ကုန်ချအလုပ်သမားအနေနဲ့ ယခုတလောပြန့်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေချိန်ဖြစ်တာမို့  ကုန်ပစ္စည်းများ တင်သွင်း တင်ပို့မှု မရှိတော့ပဲ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့။ ဒီလိုစားနပ်ရိက္ခာခက်ခဲနေတဲ့အချိန်မှာ စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာလူကြီးတွေက စီစဉ်ပေးတော့ အဆင်ပြေ သွားတယ်။ ယခုလိုစီစဉ်ပေးတဲ့ ကျွန်တော်တို့ မြို့ကုန်တင်ကုန်ချလုပ်ငန်းကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားစောင့်ရှောက်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အပေါ် အထူးကျေးဇူးတင် မိပါတယ်”ဟု ကုန်တင်ကုန်ချအလုပ်သမားတစ်ဦးက ပြောသည်။

 

“ကုန်တင်ကုန်ချအလုပ်သမားများ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေရေးအတွက် ဆန်အိတ်များ ဖြန့်ဝေနိုင်ဖို့ သက်ဆိုင်ရာကို တင်ပြပြီး ကုန်တင်ကုန်ချအလုပ်သမားရုံးမှ စုဆောင်းထားတဲ့ ရန်ပုံငွေနဲ့ ဆန်အိတ်များ ဝယ်ယူပြီး အခမဲ့ဖြန့်ဝေပေးတာဖြစ်တယ်။ အလုပ်သမားများ လိုအပ်တဲ့ အချိန်မှာ ဒီလိုဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်ကြီးကြပ်ပေးတဲ့ မြို့ကုန်တင်ကုန်ချ ကြီးကြပ်ရေး ကော်မတီကိုလည်း ကျေးဇူးတင်မိပါတယ်။”ဟု ကုန်တင်ကုန်ချအလုပ်သမား စည်းရုံးရေးမှူး ဦးဗန်လာလ်ဒုက ပြောသည်။

 

ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာလအတွင်း စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ရပ်ကွက်လူငယ်များနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းများ ပူးပေါင်းပြီး ဆန်နှင့် အခြားစားသုံးကုန်ပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်း သိုလှောင်ထားရှိရာ ပြည်သူများ ဈေးနှုန်းချိုသာစွာ အလွယတကူဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ပက်ကာ (ပြန်/ဆက်)