မကွေး   ၂၆   ဧပြီ

 

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)/တိုင်းဒေသကြီးနှင့်CB ဘဏ် ဥက္ကဋ္ဌ ဦးမောင်မောင်အေး၏ KMA ဖောင်ဒေးရှင်းတို့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ သဘင်ပညာရှင်လုပ်သား(၃၄၃၅)ဦးအတွက် အခြေခံစားသောက်ကုန်(ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်)များအား ဧပြီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုင်းဒေသကြီးအတွင်း မြို့နယ်များသို့ သွားရောက်ကာ ထောက်ပံ့ လှူဒါန်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

လှူဒါန်းထောက်ပံ့ပေးအပ်မှုနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးသဘင်အစည်းအရုံး ဥက္ကဌ ဦးမင်းခန့်ကိုက မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ရဲ့ လမ်းညွှန်မှုနဲ့အညီ  မြန်မာနိုင်ငံသဘင်အစည်းအရုံးနဲ့ CB ဘဏ် ဥက္ကဋ္ဌ ဦးမောင်မောင်အေးရဲ့ KMA ဖောင်ဒေးရှင်းမှ တစ်နိုင်လုံးမှာရှိတဲ့ သဘင်ပညာရှင်များကို ထောက်ပံ့ရေးအစီအစဉ်မှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကာလအတွင်း အောက်ခြေမျာရှိတဲ့ သဘင်ပညာရှင်များရဲ့ စားဝတ်နေရေး အခက်အခဲမရှိစေရေးအတွက် အခြေခံစားသောက်ကုန်(ဆန်၊ ဆီ၊ ဆား၊ ပဲ၊ကြက်သွန်)များ လှူဒါန်းသွားမှာဖြစ်ပါတယ်၊ မကွေးတိုင်းဒေသကြီးမှာ သဘင်အစည်းအရုံးဝင် (၃၄၃၅)ဦးကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်၊ ဒီကနေ့ ဧပြီလ ၂၅ ရက်မှစတင်ကာ ၃၀ ရက်နေ့အထိ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့နယ်အသီးသီးမှာ တစ်ပြိုင်တည်း လှူဒါန်းသွားမှာဖြစ်ပါတယ်၊ လှူဒါန်းမှုအနေနဲ့ တိုင်းဒေသကြီးမှ မြို့နယ်အည်းရုံးများကို လွှဲပြောင်းပေးအပ်ပြီး မြို့နယ်မှ လုပ်ငန်းရှင်များကို ခေါ်ယူကာ သဘင်ပညာရှင် တစ်ဦးလျှင် ဆန်(၈)ပြီ၊ ဆီ(၅၀)ကျပ်သားတစ်ဘူး၊ ဆား(၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သားနှင့် ကြက်သွန်(၁)ပိသာတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လူစု လူဝေးမဖြစ်စေရန် စနစ်တကျ ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်ဟု ပြောသည်။

 

မကွေးမြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးသန်းဇော်ဗိုလ်က ဒီကာလကြီးက ဘယ်လောက်ကြာမယ်မှန်း မသိဘဲ အလုပ်တွေရပ်နားထားရပြီး အောက်ခြေသဘင်အဖွဲ့သားတွေ အနေနဲ့ တခြားအလုပ်တွေနဲ့ ရပ်တည်ဖို့အခက်အခဲရှိပါတယ်ဟု ပြောသည်။

 

ထောက်ပံ့ရေးအစီအစဉ်ကို မြန်မာနိုင်ငံသဘင်အစည်းအရုံးမှငွေကျပ် သိန်း ၁၅၀ဝ၊ CB ဘဏ် KMA ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၁၅၀ဝ၊ စုစုပေါင်း သိန်း ၃၀ဝ၀ အကုန်အကျခံပြီး တစ်နိုင်ငံလုံးမှာရှိသည့် သဘင်ပညာရှင် ၂၂၀ဝ၀ ကျော်ကို အခြေခံစားသောက်ကုန်(၅)မျိုးအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

ယနေ့နံနက်ပိုင်းတွင် လှူဒါန်းမှုအဖြစ် နတ်မောက်မြို့နယ်ရှိ သဘင်ပညာရှင်(၅၂)ဦးနှင့် မကွေး မြို့နယ်အတွင်းရှိ သဘင်ပညာရှင်လုပ်သား(၄၀၆)ဦးတို့အတွက် လှူဒါန်းပေးအပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မြို့သစ်၊ တောင်တွင်းကြီးနှင့် အောင်လံမြို့နယ်များသို့ တိုင်းဒေသကြီး သဘင်အစည်းအရုံး ကော်မတီဝင်များက မော်တော်ယာဉ်များဖြင့် သွားရောက်ကာ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)