မုဒုံ ၂၆ ဧပြီ
မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း ဧပြီ ၃၀ ရက်နေ့နောက်ပိုင်း ပြည်ပနိုင်ငံမှပြန်လည် ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများ Community Base Facility Quarantine(CBFQ) ထားရှိ နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် အ.ထ.က(ကမာဝက်)ကျောင်းသို့ ရောက်ရှိသည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်း၊ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ အ.ထ.က(ကမာဝက်)ကျောင်းတွင် နေရပ်ပြည်ပြည်သူများကို (၂၁)ရက်ကြာ ထားရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆက်လက်၍ စီစဉ်ဆောင်ရွက်ထားမှုများကို မေးမြန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး အဆိုပါ အ.ထ.က (ကမာဝက်)ကျောင်းတွင် နေရပ်ပြန် ပြည်သူများ (၂၀၀)ဦးခန့် ထားရှိနိုင်ရန် ဆောင်ရွက်ထားကြောင်း၊ သောက်သုံးရေများ၊ အစားအသောက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စသည်တို့ကို ပြင်ဆင်ဆောင်ရွက်ထားကြောင်း ဖြေကြားခဲ့သည်။ ယင်းနောက်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


