ဖာပွန် ၂၆ ဧပြီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကန့်သတ်သွားနိုင်ရေးအတွက် ဒေသန္တရအမိန့်နှင့် မီးဘေးကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အမိန့်များ လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့လိုက်လံအသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရေး အတွက် လူစုလူဝေး များပြားရာနေရာများ၌ လျင်မြန်စွာကူးစက် နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မကျင်းပရေးအပါအဝင် ပြည်သူများလိုက်နာ ဆောင်ရွက်ရမည့်ကြေညာချက် (၁၃)ချက်ပါရှိသည့် ဒေသန္တရအမိန့်ကို လိုက်လံကြေညာခဲ့ပြီး ပြည်သူလူထုအနေဖြင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများ(ရာဇသတ်ကြီးဥပဒေ၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ)ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခဲ့သည်။

 

အဆိုပါ ဒေသန္တရအမိန့်သည် ထုတ်ပြန်သည့်နေ့မှ မေလ(၃၀)ရက်နေ့အထိ အတည်ဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် မီးဘေးကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အမိန့်ကြေညာချက်များကိုလည်း မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)