မော်လမြိုင် ၂၆ ဧပြီ
ဧပြီလကုန်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်သူများအား သတ်မှတ်နေရာ အဆောက်အဦများတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း(Community Based Facility Quaran- tine) ၂၁ ရက်ကြာ ထားရှိရန် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် နေရာပေါင်း (၇) နေရာ စီစဉ်ထားကြောင်းသိရသည်။
“လကုန်ရင် ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာမယ့် နေရပ်ပြန်တွေအတွက်ကတော့ မော်လမြိုင်မြို့နယ်အနေနဲ့ နေရာ(၇)နေရာစီစဉ်ထားတယ်၊ မော်လမြိုင်တက္ကသိုလ်မှာဆိုရင် (၁၀) မြို့ နယ်အဆောင်ရယ်၊ တက္ကသိုလ်ကျောင်းထဲက အဆောင်တွေရယ်၊ အခြေခံပညာကျောင်းတွေကတော့ အ.ထ.က(၃)၊ အ.ထ.က(၆)၊ ပညာရေးကောလိပ်၊ အား/ကာသိပ္ပံ၊ တပ်မတော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ ဒီနေရာ(၇)နေရာမှာ အင်အား(၂၈၀ဝ)စာလောက်ကို စီစဉ်ထားတယ်”လို့ မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။
လက်ရှိတွင် မော်လမြိုင်တက္ကသိုလ်(၁၀)မြို့နယ်ဆောင်နှင့် တက္ကသိုလ်ဝင်းအတွင်းရှိ အင်ကြင်း ဆောင်တို့တွင် အသွားအလာကန့်သတ်ခြင်း(Community Based Facility Quarantine) ၂၁ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်သူ နေရပ်ပြန်စုစုပေါင်း(၃၀ဝ)နီးပါးခန့် ကျန်ရှိနေသေးကြောင်း မော်လမြိုင် မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အလားတူ ဧပြီလကုန်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်သူများအား မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်အပြင် ကျန်မြို့နယ် (၉) မြို့နယ်များတွင်လည်း စောင့်ကြည့်ရေးစခန်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေလင်း(ပြန်/ဆက်)


