ညောင်ဦး ၂၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း လူစုလူဝေးများ မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ညောင်ဦးမြို့၊ ပြည်သူ့အားကစားကွင်းနှင့် ရွှေစည်းခုံဘုရားဝန်းတို့တွင် ယာယီပျံကျဈေးများ ပြောင်းရွှေ့ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ယာယီပျံကျဈေးများ၌ ရောင်းချနေသည့် ဈေးသည်များ အဆင်ပြေစွာ ရောင်းချနိုင်ရေးအတွက် ဧပြီ ၂၅ ရက် မွန်းလွဲ ၂ နာရီက Mytel ဆက်သွယ်ရေးကုမ္ပဏီမှ အလှူရှင်များအဖွဲ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ လာရောက်ပြီး ထီးအလက် (၇၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ပေါ်ရှိ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ အဆင်ပြေစွာ အခက်အခဲမရှိ ဝယ်ယူစားသုံးခွင့် ရရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သားငါးဆိုင်ခန်းနှင့် ကုန်ခြောက်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက် အရောင်းဆိုင်များကို သီးခြားနေရာများခွဲ၍ စနစ်တကျ ရောင်းချခွင့်ပြုလျက်ရှိကြောင်း သိရကာ အဆိုပါ ယာယီပျံကျဈေးသည်များ အဆင်ပြေစွာ ရောင်းချနိုင်ရန်နှင့် ညောင်ဦးမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကာ Mytel ဆက်သွယ်ရေးကုမ္ပဏီမှ အလှူရှင်များအဖွဲ့က ထီးအလက်(၇၀)အား လာရောက်လှူဒါန်းရာ ညောင်ဦးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မြင့်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အလှူရှင်များအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်ထံမှ သိရသည်။
အဆိုပါ Mytel ဆက်သွယ်ရေးကုမ္ပဏီမှ လှူဒါန်းပေးသည့် ထီးအလက်(၇၀)အား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ယာယီပျံကျဈေးသည်များကို (ပုံစံ - ၁၀) တင်ပြစေပြီး မဲစနစ်ဖြင့် ဝေမျှပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


