ပေါင် ၂၆ ဧပြီ

 

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း နွေရာသီကာလမှာ သောက်သုံးရေပြတ်လပ်သည့် ကျေးရွာများတွင် ရေရှားပါးမှုမဖြစ်ရလေအောင် အမြန်ဆုံးနဲ့ နေ့စဉ်ရေဖြန့်ဝေပေးနေတယ်လို့ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးထံမှ သိရသည်။

 

“ကားလမ်းမဘေးဖြစ်ပြီးတော့ အောက်ကွင်းတွေမဟုတ်ဘဲနဲ့ ကားလမ်းဘေးဖြစ်ပြီးတော့ ရေငတ်နေတဲ့ ပြဿနာမျိုးဖြစ်နေပါတယ်၊ သဗြုချောင်ကျေးရွာမှာတောင်မှ နှစ်ပိုင်းတွေ့ရပါတယ်။ မီးရထားလမ်းအပေါ်ဘက်ခြမ်း ကားလမ်းမဘေးနဲ့ ရထားလမ်းအောက်ဘက်ခြမ်း ကွက်သစ်မှာဖြစ်တဲ့ ပြဿနာတွေပေါ့၊ ကွက်သစ်ဘက်မှာဆိုရင် ဆည်ရေသောက်ဧရိယာ နီးတဲ့အတွက် ဆည်ရေကို ဆွဲတင်ထားပြီးတော့ သုံးရေအဖြစ် သုံးလို့ရတယ်၊ ရေချိုးလို့ရတယ်၊ အဝတ်လျှော်လို့ရတယ်။ သောက်ရေနဲ့ ထမင်းဟင်းချက်ရေလောက်ပဲ လိုအပ်တယ်။ လမ်းမဘေးနေရာကျတော့ ရေအရင်းမရှိဘဲနဲ့ သောက်ရေရော၊ သုံးရေရော၊ ချိုးရေရောကအစ လိုအပ်နေပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ရေအများဆုံးပို့နိုင်အောင်၊ အမြန်ဆုံးပို့ပေးနိုင်အောင် စီစဉ်နေပါတယ်” ၎င်းက ပြောသည်။

 

ဒါ့အပြင် ယခုအစိုးရလက်ထက်မှာ ရေရှားပါးတဲ့ကျေးရွာတွေမှာ သောက်သုံးရေကန်များကို ယခင်ကထက် သုံးဆခန့်ပိုပြီး တူးဖော်ပေးထားတယ်လို့ ၎င်းက ဆက်လက်ပြောသည်။

 

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာ (၁၀)ရပ်ကွက်မှ ဦးထွန်းရီက “ရွာမှာက တန်းခူလ မရောက်ခင်ကတည်းက ရေပြတ်လပ်နေပါပြီ၊ လာလှူတဲ့ရေတွေကို အိမ်မှာရှိတဲ့ ရေကန်ထဲ မောင်းသွင်းပြီး ကျွန်တော်ကနေတစ်ဆင့် ပတ်ဝန်းကျင်ကလူတွေကို ပြန်လည်ဖြန့်ဝေပေးနေတာ လည်းရှိပါတယ်”ဟု ၎င်းက ပြောသည်။

 

မွန်ပြည်နယ်အစိုးရအဖွဲ့က ဘတ်ဂျက်နဲ့ ကျေးလက်ဦးစီးဌာနက ဘတ်ဂျက်နဲ့ မြေသားရေကန်တွေ တူးဖော်ခြင်း၊ စိမ့်စမ်းရေသွယ်တန်းခြင်း၊ အဝီစိတွင်းရေ တူးဖော်ပေးထားတဲ့အတွက် ယခုနှစ်မှာတော့ ရေရှားပါးတဲ့ ကျေးရွာတွေ လျော့လာတယ်လို့ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဆိုပါတယ်။

 

“ရေရှားတဲ့ရွာ ၁၈ ရွာရှိပါတယ်၊ နှစ်အလိုက် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ စီစဉ်ပေးမှုနဲ့ ကျွန်တော်တို့က ရေရှားပါးတဲ့ရွာတွေကို တစ်ရွာချင်းစီ မြေသားရေကန်တွေ၊ ပြည်နယ်အစိုးရအဖွဲ့ ဘက်ဂျက်နဲ့လည်း တူးဖော်ပေးတယ်၊ ကျေးလက်ဦးစီးဌာနက ဘက်ဂျက်နဲ့လည်း ရေကန်တွေ တူးပေးတယ်၊ အဝီစိတွင်းတွေ တူးပေးတယ်ပေါ့နော်၊ မနှစ်ကဆိုလို့ရှိရင် ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့ စိမ့်စမ်းရေသွယ်တန်းပေးတယ်၊ အဲလိုမျိုးတွေ တူးပေးတဲ့အတွက် လက်ရှိ ၁၂ ရွာလောက်ပဲ ရှိပါတော့တယ်၊ ဒီ ၁၂ ရွာကလည်း အဓိက သောက်ရေရှားတာပေါ့နော်၊ ခုသောက်ရေအနေနဲ့ကလည်း မြေသားရေကန်တွေမှာ အတော်အတင့်ကျန်ရှိနေသေးတာ တွေ့ပါတယ်”ဟု ၎င်းက ပြောသည်။

 

ပေါင်မြို့နယ်အတွင်း နွေရာသီကာလမှာ သောက်သုံးရေပြတ်လပ်တဲ့ ကျေးရွာများကို ဌာနဆိုင်ရာတွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ စေတနာအလှူရှင်အဖွဲ့တွေက နေ့စဉ်အဆက်မပြတ် လှူဒါန်းပေးလျက်ရှိနေကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)