မကွေး ၂၆ ဧပြီ

 

မကွေးတိုင်းဒေသကြီးအတွင်း၌ ဧပြီ ၉ ရက်မှစ၍ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၂၀၆၁ ဦး ဘေးသင့်ကာ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၁၆၆ သိန်းကျော် ထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

“မကွေးတိုင်းထဲမှာ ဧပြီ ၉ ရက်လောက်ကစပြီး လေပြင်းတွေတိုက်ခဲ့ပါတယ်။ မြို့နယ် ၁၀ မြို့နယ်မှာ ဖြစ်နေတာ။ မကွေးမြို့နယ်မှာ အိမ်ခြေ အလုံး ၂၃၀ နဲ့ ဆင်ပေါင်ဝဲမှာ အိမ်ခြေ ၁၉၄ လုံး ပျက်စီးခဲ့တယ်။ ဒီနှစ်မြို့က အဖြစ်အများဆုံးပေါ့။ ​ဌာနအနေနဲ့ကတော့ ထောက်ပံ့မှုတွေ အမြန်ဆုံး လုပ်ဆောင်ခဲ့ပါတယ်” ဟု ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်စိုးက ပြောသည်။

 

လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ် (၉)လုံး ပြိုကျကာ နေအိမ် (၄၉၃)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း၊ အိမ်ထောင်စု (၅၀၂)စု၊ လူဦးရေ (၂၀၆၁)ဦး ဘေးကြုံခဲ့ရကြောင်း တိုင်းဦးစီးထံမှ သိရသည်။

 

စလင်းမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့၌ ဧပြီ ၂၅ ရက်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် နေအိမ် ၄၅ လုံး ပျက်စီးမှုဖြစ်ကာ လူဦးရေ ၂၀၀ ကျော် လေဘေးကြုံ၍ နွား ၃ ကောင် သေဆုံးခဲ့ရကြောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် တစ်ပတ်စာ ဆန်ဖိုး ကျပ် ၁၉၇၆၃၀၀ ထောက်ပံ့ထားကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

 

ဇေယျတု(မကွေး)