ချင်းကို ဟင်းထဲထည့်ချက်ရတဲ့ အမွှေးအကြိုင်ပစ္စည်း တစ်မျိုးလို့ပဲ မထင်ထားပါနဲ့နော်။ အစားအသောက်တွေကို ရနံ့မွှေးကြိုင်စေနိုင်တဲ့ အစွမ်းအပြင် သူ့မှာ တခြား ဆေးဖက်ဝင် အစွမ်းအာနိသင်တွေ အများကြီးရှိနေလို့ပါပဲ။

 

ချင်း ပြုတ်ရည် နဲ့ ကိုယ်ခံအား

 

ကိုယ်ခံအားကောင်းဖို့ ချင်းပြုတ်ရည် သောက်ကြပါတယ်တဲ့။ မှန်ပါတယ်။ ချင်း မှာ ပါဝင်တဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အာနိသင်နဲ့ ဓာတ်တိုးဆန့်ကျင် အစွမ်းသတ္တိ တို့ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်ပါတယ်။

 

လေ့လာမှုတွေအရလည်း ချင်းဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင် တယ်လို့ တွေ့ရှိထားပါတယ်။

 

ပိုထိရောက်ချင်ရင်တော့ ကိုယ်ခံအားကို ကောင်းစေတဲ့ အာနိသင်ပါဝင်ပြီးသားဖြစ်တဲ့ ပျားရည်၊ သံပရိုရည် စတာတွေနဲ့ ချင်းရေနွေးကြမ်းမှာ ရောနှောသောက်သုံးနိုင်ပါတယ်။ ဒီနှစ်မျိုးစလုံးက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို သေစေနိုင်စွမ်းရှိတယ်လေ။ ပျားရည်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို သံပရိုသီးကလည်း ဗီတာမင် C ကြောင့် ကိုယ်ခံအားကောင်းစေပါတယ်။

 

တခြား ကျန်းမာရေး အကျိုးကျေးဇူးများ

 

အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာတွေကို သက်သာစေတယ်

 

ချင်းနဲ့ ချင်းအဆီကို လေထိုးလေအောင့်၊ ဗိုက်အောင့််ခြင်းများအတွက် သုံးတတ်ကြပါတယ်။ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။

 

ချင်းလက်ဖက်ရည်ကိုလည်း ဒီရောဂါတွေအတွက်သုံးလေ့ ရှိတဲ့ အပြင် အစာစားချင်စိတ်ဖြစ်လာအောင် အားပေးတဲ့အတွက် ကိုယ်အလေးချိန်တိုးလိုသူတွေ၊ ခံတွင်းပျက်နေ သူတွေအတွက် အကျိုးရှိ စေနိုင်ပါတယ်။

 

အစာအဆိပ်သင့်ခြင်းကို ကုသနိုင်တယ်

 

ချင်းဟာ ပိုးတွေကိုသေစေပြီး လေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းကို ကုသရာမှာ အသုံးပြုနိုင်ပြီး အူလမ်းကြောင်းရောဂါတွေ၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဝမ်းကိုက်ခြင်းကို ကုသနိုင်ပါတယ်။

 

ခေါင်းမူး၊ မအီမသာဖြစ်ခြင်းကို သက်သာစေတယ်

 

ချင်း က မအီမသာဖြစ်ခြင်း၊ ခရီးပန်းမူးဝေခြင်းနဲ့ ပျို့အန်ခြင်းတွေအတွက် ထိရောက်မှုရှိတယ်ဆိုတာ သုတေသနတွေက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ကြောင့် ပျို့အန်ခြင်း သက်သာလျောပါးစေဖို့ အတွက်လည်း ချင်းကို သုံးကြပါတယ်။

 

ငှက်ဖျား ကာကွယ်တယ်

 

ချင်းနဲ့ချင်းအဆီက ကိုယ်ခံအားကိုကောင်းစေလို့ yellow fever နဲ့ ငှက်ဖျားတို့ကိုလည်း ကာကွယ်နိုင်ပါတယ်။

 

အသက်ရှူလမ်းကြောင်းရောဂါတွေကို ကုသနိုင်တယ်

 

ချင်းနဲ့ချင်းအဆီတို့ဟာ သလိပ်ပျော်ဆေးတွေလိုအစွမ်းထက်တာကြောင့် ချောင်းဆိုး၊ရင်ကျပ်၊တုပ်ကွေး၊ ပန်းနာ၊ လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့လို အသက်ရှူလမ်းကြောင်းဝေဒနာတွေကို ကုသပေးနိုင်ပါတယ်။ ချင်းက လည်ချောင်းနဲ့အဆုတ်ထဲက ချွဲသလိပ်တွေကိုဖယ်ရှားပေးတဲ့နေရာမှာ ထိရောက်လှတာကြောင့် အိန္ဒိယမှာ ရေနွေးကြမ်းထဲထည့်သောက်တတ်ကြပါတယ်။ ပျားရည်နဲ့ချင်း ရောစပ်လိုက်တဲ့ဆေးဖက်ဝင်အာနိသင်က အသက်ရှူလမ်းကြောင်း ရောဂါတွေ ကုသရာမှာ အစွမ်းထက် ပါတယ်။

 

ရောင်ရမ်းမှုကို လျော့စေတယ်

 

ချင်းရဲ့အရောင်ကျစေတဲ့အာနိသင်ကြောင့် အဆစ်ရောင်ရောဂါ၊ လေးဖက်နာဝေဒနာများ၊ ခေါင်းကိုက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့မှာ ရောင်ရမ်းမှုနဲ့ နာကျင်ကိုက်ခဲမှု သက်သာ စေနိုင်ပါတယ်။

 

ချင်းအဆီ သို့မဟုတ် ချင်းအနှစ်ကို နာကျင်နေတဲ့ကြွက်သားပေါ်မှာ လိမ်းပေးရင် သက်သာ စေနိုင်ပါတယ်။

 

 ရာသီလာချိန် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်တယ်

 

ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်းတို့ကို ချင်းက သက်သာစေနိုင်ပါတယ်။ ချင်းရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ချင်း ခတ်ထည့်ထားတဲ့ ဟင်းရည်တို့ကို သောက်လို့ရတယ်။

 

နှလုံးကို ကျန်းမာစေတယ်

 

တရုတ်ပြည်မှာဆိုရင် ချင်းက နှလုံးကျန်းမာရေးကို အားကောင်းစေတယ်လို့ယုံကြည်ကြပါတယ်။ သုတေသနတွေအရ ချင်းဟာ သွေးတွင်းကိုလက်စထရောကိုကျစေပြီး သွေးခဲဖြစ်ပေါ်ခြင်းကို ကာကွယ်ပေး တယ်လို့ဖော်ပြကြပါတယ်။

 

ဒီလိုကာကွယ်ပေးခြင်းအားဖြင့် သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့ အတွက် နှလုံးရုတ်တရက်ခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းအန္တရာယ်တွေ နည်းသွားစေမှာ ဖြစ် ပါတယ်။

 

ပန်းသေခြင်းကို ကုသနိုင်တယ်

 

ချင်းဟာ အမျိုးသားကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ ချင်းက ဒီဘက်မှာလည်း သဘာဝအားတိုးဆေးအာနိသင် ရှိတာကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သုက်လွှတ်မြန်ခြင်းတို့အတွက် အစွမ်းထက်တယ်လို့ ဆိုပါတယ်။

 

ကျောက်ကြေစေတယ်

 

ချင်းဖျော်ရည်၊ ချင်းရေနွေးကြမ်းက ဆီးကျောက်ကို ကြေစေနိုင်တယ်လို့ လည်း ယူဆကြပါတယ်။

ဆံပင် သန်တယ်

 

ချင်းဟာ ဆံသားကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။ ချင်းရည်က ဗောက်ပျောက်စေနိုင်ပါတယ်။

 

ကင်ဆာ ကာကွယ်နိုင်တယ်

 

American Cancer Society အရ ချင်းက ကင်ဆာကိုကုသရာမှာအသုံးဝင်နိုင်တယ်လို့ ကနဦး သုတေသနတွေက ဖော်ပြခဲ့ပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”