ဖျာပုံ ၂၇ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ် ကဇောင်းကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာတွင် ဧပြီ ၂၆ ရက်နေ့ ညနေ (၄) နာရီခန့်တွင် ရုတ်တရက်မိုးရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် အမျိုးသမီးတစ်ဦး မိုးကြိုး ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ဖျာပုံမြို့နယ်၊ ကဇောင်းကျေးရွာအုပ်စု၊ ကံဘဲ့ကျေးရွာရှိ ဒေါ်သန်းမြင့်ပိုင် လယ်ထဲတွင် တဲထိုးနေထိုင်သော ဒေါ်စန်း(၅၂)နှစ်သည် နေအိမ် နောက်ဘက်တွင် လွှတ်ကြောင်းထားသည့် ဘဲများအား ဘဲခြံထဲသို့သွင်းနေစဉ် ရုတ်တရက်မိုးရွာသွန်းပြီး မိုးကြိုး ပစ်ချမှုကြောင့် ဝဲဘက်ဦးခေါင်း မီးလောင် ညိုမဲဒဏ်ရာ၊ ဝဲဘက်ပါး မီးလောင် ညိုမဲဒဏ်ရာများ ရရှိပြီး သေဆုံးသွား ကြောင်းသတင်းရရှိသည်။
အောင်ဝင်းနိုင် (ဖျာပုံ)


