မန္တလေး ၂၇ ဧပြီ
ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများအနေဖြင့် ဓာတ်အားခများ ပေးဆောင်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန် သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးများအပြင် မြို့နယ်အလိုက် ငွေသွင်းကောင်တာခွဲများ ဖွင့်လှစ်၍ ဧပြီ ၂၄ ရက်မှစ၍ ကောက်ခံပေးလျက်ရှိကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။
မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်ဓာတ်အားခများအား သက်ဆိုင်ရာ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးများရှိ ငွေသွင်းကောင်တာများတွင် လစဉ်လက်ခံပေးလျက် ရှိသည့်အပြင် မြို့တွင်း၌ ကားဖြင့်လှည့်လည် ကောက်ခံခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်ရန်လည်း ဆောင်ရွက်ပေးထားသည်။
မြို့နယ်လျှပ်စစ် မန်နေဂျာရုံးများတွင် ဓာတ်အားခ ပေးဆောင်သူများကြောင့် လူစုလူဝေး ဖြစ်ပေါ်ကာ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အလိုက် သင့်တော်ရာ နေရာများတွင် ငွေသွင်းကောင်တာခွဲများ ဖွင့်လှစ်ကာ ကောက်ခံပေးခြင်းဖြစ်ကြောင်း မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ(စီမံ) ဦးမြင့်လွင်က ပြောသည်။
“ အရင်က မီတာခပေးဆောင်ဖို့အတွက် ငွေကောက်ခံတဲ့ ကောင်တာတွေကို မြို့နယ်လျှပ်စစ်ရုံးတွေထဲမှာပဲ ကောင်တာတွေ သုံး၊ လေးခု ဖွင့်ပြီး လက်ခံပေးခဲ့တဲ့အတွက် မီတာခ ပေးဆောင်သူတွေက တစ်နေရာတည်းမှာပဲ စုပြုံပြီးငွေသွင်းသလိုဖြစ်နေတယ်။ ဒီလိုကာလမှာ လူစုလူဝေး မဖြစ်ပေါ်ရအောင် ရှိပြီးသားကောင်တာတွေကို သူမြို့နယ်ထဲမှာပဲ နေရာတွေခွဲပြီး ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က မီတာခပေးဆောင်တဲ့ရက်ကို လစဉ် ၂၅ ရက်နေ့ နောက်ဆုံး ပေးဆောင်ဖို့ သတ်မှတ်ထားပေမယ့် အခု မတ်လအတွက် ပေးဆောင်ရမယ့် မီတာခကို လူစုလူဝေး မဖြစ်ရအောင် ဧပြီ ၂၅ ရက်နေ့ နောက်ဆုံးအစား မေလ ၂၀ ရက်အထိ ပေးဆောင်နိုင်ဖို့ ရက်ထပ်တိုး ပေးထားပါတယ်။ ဒီကာလမှာ ရောဂါကူးစက်မှုမရှိအောင် အွန်လိုင်းကနေပဲ မီတာခတွေ ပေးဆောင်သင့်ပါတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ လက်ရှိတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူဦးရေမှာ ကိုးသိန်းခွဲကျော် ရှိသော်လည်း အွန်လိုင်းစနစ်ဖြင့် ပေးသွင်းသူ အရေအတွက်မှာ သောင်းဂဏန်းမျှသာ ရှိသေးကြောင်းနှင့် မန္တလေးခရိုင်အတွင်း၌ မီးသုံးစွဲသူဦးရေမှာ သုံးသိန်းခွဲကျော် ရှိနေသဖြင့် အွန်လိုင်းစနစ်ဖြင့် ငွေပေးချေမှုမှာ အလွန်နည်းပါးနေသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါမြို့နယ်အလိုက် လျှပ်စစ်မီတာခများ ပေးဆောင်ရန် နေရာခွဲ၍ ငွေလက်ခံကောင်တာများ ဖွင့်လှစ်ထားရှိမှုအနေဖြင့် မန္တလေးခရိုင်အတွင်း၌ သက်ဆိုင်ရာ မြို့နယ်များရှိ လျှပ်စစ်မန်နေဂျာ ရုံးများအပြင် အောင်မြေသာစံမြို့နယ်တွင် ညောင်ကွဲဓာတ်အားခွဲရုံး၊ နန်းရှေ့ တိုက်တော်ဓာတ်အားခွဲရုံ၊ မရမ်းခြံ ဓာတ်အားခွဲရုံများတွင်လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ကောင်တာ အထက(၁၂)၊ အထက(၂၃)တို့တွင်လည်းကောင်း၊ မဟာအောင်မြေမြို့နယ်တွင် ၇၆ ဓာတ်အားခွဲရုံ၊ ဓမ္မပါလဓမ္မာရုံ (မဟာမြိုင်ရပ်ကွက်)၊ ဓမ္မပါလဓမ္မာရုံ၊ (ရဲမွန်တောင်ရပ်ကွက်) တို့တွင်လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ချီပါဓာတ်အားခွဲရုံ၊ ထွန်းတုံးဓာတ်အားခွဲရုံ၊ ၆၅ ဓာတ်အားခွဲရုံ၊ မြရည်နန္ဒာ ဓာတ်အားခွဲရုံတို့တွင်လည်းကောင်း ငွေသွင်းကောင်တာခွဲများ ဖွင့်လှစ်ထားရှိသည်။
ထို့ပြင် ပြည်ကြီးတံခွန်မြို့နယ်တွင် စက်မှုဇုန်(၂) ဓာတ်အားခွဲရုံ၊ သင်ပန်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တို့တွင်လည်းကောင်း၊ အမရပူရမြို့နယ်တွင် အထက(၁)၊ ဗားကရာဓာတ်အားခွဲရုံ၊ စွယ်တော်ဓာတ်အားခွဲရုံတို့တွင်လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီး ဓာတ်အားခွဲရုံ၊ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးဟောင်းနှင့် အောင်ချမ်းသာ ဓမ္မာရုံတို့တွင်လည်းကောင်း နေ့စဉ်ပိတ်ရက်မရှိ လာရောက်ပေးဆောင်နိုင်ရန် ငွေလက်ခံကောင်တာများ၊ ဖွင့်လှစ်ပေးထားကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အခြား ခရိုင်များတွင်လည်း မြို့နယ်အလိုက် ကောင်တာခွဲများ ဖွင့်လှစ်၍ လက်ခံပေးလျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


