မန္တလေး  ၂၇  ဧပြီ

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မန္တလေးအဆင့်မြင့် စျေးချိုတော်အား ပိတ်ထားခဲ့ရာ အချိန်ကြာမြင့်လာသည်နှင့် စျေးသူ ဈေးသားများ အရောင်းအဝယ် အခက်အခဲမရှိစေရန်အတွက် ကြိုတင်ခွင့်ပြုချက် တောင်းခံထားသည့် ဆေးဝါးနှင့် အစားအသောက်ရောင်းချသည့် စျေးဆိုင် (၁၄၀)ခန့်အား ယနေ့နံနက်ပိုင်းမှ စတင်၍ ပစ္စည်းများ သယ်ယူခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

ထိုသို့ သယ်ယူခွင့်ပြုရာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့် သားသတ်ဌာနမှူး ဦးခင်အောင်နှင့် တာဝန်ရှိသူများ၊ စည်ပင်သာယာရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ခိုင်နှင့် တပ်ဖွဲ့ဝင်များ၊ စျေးအကျိုးတော် ဆောင်အဖွဲ့မှ တာဝန်ရှိသူများ ကြီးကြပ်မှုဖြင့် သယ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။ 

 

ဈေးဆိုင်တစ်ဆိုင်လျှင် ဆိုင်ပိုင်ရှင်(၁)ဦးနှင့် ဝန်ထမ်း (၁)ဦးနှုန်းဖြင့် တစ်ကြိမ်လျှင် ဈေးဆိုင် (၈)ဆိုင်စီအား မိနစ်(၃၀)ကြာ ပစ္စည်းများ သယ်ယူခွင့်ပြုခဲ့ကြောင်း၊ ပစ္စည်းများသယ်ယူရာတွင် အဝင်အထွက်လမ်းကြောင်း မထပ်စေရေး၊ လူစုလူဝေး မဖြစ်စေရေးနှင့် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေးတို့အား ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စျေးနှင့် သားသတ်ဌာနမှူး ဦးခင်အောင် က ပြောသည်။


 
အဆိုပါ ပစ္စည်းများသယ်ယူခွင့်နှင့် ပတ်သက်၍ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ စျေးနှင့် သားသတ်ဌာနတို့ ညှိနှိုင်းဆွေးနွေးချက်အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ကြိုတင်လျှောက်ထားသူ များကိုသာ စိစစ်၍ ဝင်ခွင့်ပြုခြင်းဖြစ်ကြောင်း၊ သယ်ယူခွင့်မရရှိသေးသည့် စျေးဆိုင်ရှင်များအနေဖြင့် စျေးဌာနခွဲ မှူးရုံးသို့  ကြိုတင်လျှောက်ထားနိုင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သယ်ယူခွင့်ရရှိပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားခွင့်မရှိကြောင်း စျေးအကျိုးတော်ဆောင်အဖွဲ့မှ ဈေးရုံကိုယ်စားလှယ် ဦးဖိုးနီက ပြောသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)