နေပြည်တော် ၂၇  ဧပြီ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် ဆန်နှင့် ပဲမျိုးစုံ ပြည်ပသို့ တင်ပို့နိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆန်နှင့် ပဲမျိုးစုံ ပြည်ပသို့တင်ပို့နိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးပြီး ပြန်လည်တင်ပြရန် လမ်းညွှန်ခဲ့သည့်အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့တစ်ဝန်းတွင် ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေးတို့အတွက် ၂၀၂၀ ပြည်နှစ် ဆန်နှင့် ဆန်ကွဲပြည်ပတင်ပို့မည့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲထုတ်ပြန်ပြီး ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့် လိုင်စင်လျှောက်ထားလာမှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်လိုင်စင်ခွင့်ပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပဲမျိုးစုံ ပြည်ပသို့တင်ပို့ရာတွင် ပြည်တွင်း သယ်ယူပို့ဆောင်မှုဆိုင်ရာ အခက်အခဲများ၊ ကုန်တင်ပို့မည့် ဆိပ်ကမ်းများတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ပိုးမွှားကင်းရှင်းကြောင်း စစ်ဆေးချက် ရယူဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။ 

    

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က ဆန်တင်ပို့ရောင်းချမှု၊ ပဲမျိုးစုံတင်ပို့နိုင်မှု တို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ၊ အခက်အခဲများအား တင်ပြဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်