နေပြည်တော် ၂၇  ဧပြီ 

 

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Quarantine နေရာများ၏ လိုအပ်ချက်များစာရင်းနှင့် စေတနာ့ဝန်ထမ်း စာရင်းများ ကောက်ယူခြင်းဆိုင်ရာ ညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ Video Conference ဖြင့်ဆောင်ရွက်ခဲ့သည်။   

 

ညှိနှိုင်းဆွေးနွေးပွဲသို့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊   ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး (၁)၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုရေးဝန်ကြီးများနှင့် အတွင်းရေးမှူးရုံးအဖွဲ့ဝင်များ ပါဝင် ဆွေးနွေးခဲ့ကြသည်။         


       
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူး ရုံးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းသည် ကိုဗစ်-၁၉ ကာလအတွင်း Quarantine နေရာများတွင် သတ်မှတ်လုပ်ငန်းစဉ် အလိုက် သတ်မှတ်ကာလအတွင်း စေတနာ့ဝန်ထမ်းများအဖြစ် ကူညီဆောင်ရွက်ပေးနေသူများ အတွက်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း တစ်ဦးချင်းစီအတွက် လုံခြုံရေး အကာအကွယ်များ ဆောင်ရွက်ပေးခြင်း၊ အနေအထိုင်၊ အစားအသောက်နှင့် အသွားအလာ ကိစ္စများတွင် လိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ လုံလောက်သော အနားယူအပန်းဖြေမှု ရရှိစေခြင်းနှင့် နိုင်ငံတော်က အသိအမှတ်ပြုခြင်းများ ဆောင်ရွက်ပေးလို၍ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ နိုင်ငံအနှံအပြားရှိ Quarantine Center အသီးသီး၌ စေတနာ့ဝန်ထမ်း အဖြစ်ဆောင်ရွက် လျက်ရှိသော Volunteer များအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်နှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုများကို မြှင့်တင်ပေးနိုင်ရန်အတွက် သတ်မှတ်ရိပ်သာများတွင် စနစ်တကျစုဖွဲ့ပြီး စွမ်းရည်မြှင့်တင်မှု သင်တန်းပေးခြင်း၊ အနားပေးခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ စေတနာ့ဝန်ထမ်း လက်စွဲစာအုပ်ကို ပြုစုလျက် ရှိပြီး အွန်လိုင်းစနစ်ဖြင့် သင်ကြားနိုင်ရေးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် စေတနာ့ ဝန်ထမ်း ဆရာဝန်များက တစ်ရက်တာ လက်တွေ့သင်ကြားမှုများ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်ရာတွင် လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဘဏ္ဍာငွေ တောင်းခံသုံးစွဲနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ Quarantine နေရာများတွင် မိမိ၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ် စသည်များကို အခကြေးငွေမယူဘဲ ဤလုပ်ငန်းစဉ်တွင် သတ်မှတ်အချိန် ကာလ (၂၈) ရက် အပြည့် မိမိဆန္ဒအရ ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် တစ်ဦးတစ်ယောက်ချင်းသည် စေတနာ့ ဝန်ထမ်းအဖြစ် အကျုံးဝင်ပြီး Quarantine Center များတွင် (၂၁) ရက်ဆောင်ရွက်ပြီးပါက ကျန်(၇) ရက်ကို ဤအစီအစဉ်မှ သတ်မှတ်ပေးသောနေရာများတွင် အနားယူအပန်းဖြေပြီး (၂၈) ရက်အပြည့်တစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ထက်ပို၍ဖြစ်စေ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ သတ်မှတ်အချိန်ကာလအပြည့် တာဝန်ထမ်းဆောင်ပြီးသော စေတနာ့ဝန်ထမ်း တစ်ယောက်ချင်းစီကို အသိအမှတ်ပြုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်သွားမည်ဖြစ် ကြောင်းပြောကြားသည်။      

          

ထို့နောက် ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က စေတနာ့ ဝန်ထမ်းစာရင်း ကောက်ယူခြင်းနှင့် Quarantine နေရာများရှိ လိုအပ်ချက်များ စာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးရန် ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လူမှုရေးဝန်ကြီးများက မိမိတို့ဒေသအလိုက် Quarantine နေရာများ စီစဉ်ဆောင်ရွက်နေသည့် အခြေအနေ၊ စေတနာ့ဝန်ထမ်းများ ပါဝင်ပံ့ပိုးကူညီသည့် အခြေအနေများ၊ စာရင်းကောက်ယူရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး ဒေသအသီးသီး၏ မတူညီသော အခြေအနေများ၊ အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။ 

 

(သတင်းစဉ်)