လွိုင်ကော် ၂၇ ဧပြီ
ယနေ့ နံနက်ပိုင်းမှစတင်ပြီး ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော မြို့နယ်များတွင် ဖွင့်လှစ်ထားသော Community Based Facility Quarantine နေရာများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် မေတ္တာဖြင့် ပါဝင်ကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူတို့က လွိုင်ကော်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ဖွင့်လှစ် ထားသည့် Community Based Facility Quarantine အခြေအနေများနှင့် ထပ်မံလိုအပ်ချက်များကို တာဝန်ရှိသူများက တင်ပြဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ မိမိတို့အစိုးရဘက်မှလည်း အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လွိုင်ကော်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် လူငယ်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် Community Based Facility Quarantine ထားရှိသည့် နေရာများ၌ ဌာနဆိုင်ရာများနှင့်အတူ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများအနေနှင့်လည်း မိမိတို့ဆောင်ရွက်နိုင်မည့် အချိန်အတိုင်းအတာအပေါ် မူတည်၍ စာရင်းပေးသွင်းကြရန် လိုအပ်ပြီး ယခု စာရင်းပေးသွင်းထားသော စေတနာ့ဝန်ထမ်းများသည် လူငယ်အများစု ပါဝင်သည့်အတွက် ဝမ်းမြှောက်ဂုဏ်ယူပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင်လည်း လိုအပ်သော အကာအကွယ်ပစ္စည်းများကို စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က စေတနာ့ဝန်ထမ်းများအဖြစ် ဆောင်ရွက်ပေးကြမည့် သူများအနေဖြင့် ကျန်းမာရေးအသိ ကျန်းမာရေးသတိရှိရှိထားပြီး လုပ်ဆောင်ကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်အပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
လွိုင်ကော်ခရိုင်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော မြို့နယ်များတွင် ဖွင့်လှစ် ဆောင်ရွက်ထားရှိသော Community Based Facility Quarantine နေရာများအား ကြည့်ရှုစစ်ဆေးခြင်း၊ စေတနာ့ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းကို ပြည်နယ်စည်ပင်သာယာ ရေးနှင့်လူမှုရေးဝန်ကြီးနှင့်အတူ သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့ လိုက်ပါခဲ့ကြောင်း သိရသည်။
ထွန်းလေး (ပြန်/ဆက်)


