နေပြည်တော် ၂၇ ဧပြီ
မြန်မာနိုင်ငံတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက်ခံစား နေရမှုများကို လျော့ပါးသက်သာစေရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သော စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ခရီးသွား လုပ်ငန်းအပေါ် သက်ရောက်မှုများအား ပြန်လည်ကုစားနိုင်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ ညှိနှိုင်းဖော်ထုတ်သည့် အလုပ်ရုံဆွေးနွေးပွဲ Online Workshop on COVID-19 Crisis Management: React, Rethinks, Recover ကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ နီလာအစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့ တက်ရောက်ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ရုံးခွဲတာဝန်ခံများနှင့် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင် (၃) ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် အထိခိုက်ဆုံး ခံစားနေရသည့် စီးပွားရေးလုပ်ငန်းတွင် ခရီးသွားလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သို့သော်လည်းမြန်မာနိုင်ငံက ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များတွင် မိမိတို့၏ အခြေခံအဆောက် အအုံများ (အထူးသဖြင့် ဟိုတယ်များ)ကို သီးသန့်ခွဲခြား စောင့်ကြည့်ခံရမည့်သူများအတွက် ကူညီပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများအဖြစ် ပြောင်းလဲ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ၊ အလှူငွေများကိုလည်း တတ်အားသရွေ့ ကူညီလှူဒါန်းခြင်းစသည့် ပံ့ပိုးကူညီမှုများကို အားတက်သရော ဆောင်ရွက်နေကြသည်ကို တွေ့ရသည့်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍ၏ စည်းလုံးညီညွတ်မှုနှင့် အဆင်သင့်ဖြစ်မှုအား များစွာချီးကျူးပါကြောင်း။
ယခုကြုံတွေ့ရသည့် အခက်အခဲများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသည် ဝင်ရောက်မှုမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ခန့်မှန်းထားပြီး ခရီးသွား လုပ်ငန်းမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၃၀၀ မှ ၄၅၀ ဘီလီယံခန့်ထိ ဆုံးရှုံးနိုင်ကြောင်း၊ ယခင် SARS နှင့် ကမ္ဘာ့စီးပွားပျက်ကပ် ကြုံတွေ့ခဲ့ရသည့်ကာလများဖြစ်သည့် ၂၀၀၃ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့ထက် ပိုမိုဆိုးဝါးသည့် အခြေအနေနှင့် ကြုံတွေ့နိုင်ကြောင်းကိုလည်း ဖော်ပြထားပါကြောင်း ။
နိုင်ငံတော် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှလည်း အခွန်အခလျော့ပေါ့ရေး၊ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ကိစ္စရပ်များနှင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များအတွက် ဖြေလျော့မှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်လုပ်ငန်း၊ တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည်ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန် လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများပေးဆောင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက် မှ ၂၀၂၁ ခုနှစ် မတ် (၃၁)ရက်ကာလအထိ တစ်နှစ်တာကာလအတွက် လျော့ပေါ့ပေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် နိုင်ငံပိုင်ဟိုတယ်များအတွက် မိမိတို့ဌာနကို ပေးသွင်းရမည့် ဟိုတယ်ငှားရမ်းခ၊ မြေငှားရမ်းခများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ(၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ (၆)လ ရွေ့ဆိုင်းပေးသွင်းခွင့် ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။
နိုင်ငံတော်အနေဖြင့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် ဦးစားပေးကုစားရမည့် ကဏ္ဍများအဖြစ် သတ်မှတ်ပြီး ကိုဗစ်-၁၉ ရန်ပုံငွေ ထူထောင်ကာ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်ပြီး ချေးငွေထုတ်ပေးခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၊ အာရှပစိဖိတ် ခရီးသွားလုပ်ငန်းအဖွဲ့နှင့် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့တို့ကလည်း ကိုဗစ်-၁၉နှင့် ပတ်သက်၍ အသင်းဝင် နိုင်ငံများနှင့် Online မှတစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုများလည်း ဆောင်ရွက်နေပါကြောင်း၊ ယခုလာမည့် ဧပြီ ၂၉ ရက်တွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အာဆီယံခရီးသွားဝန်ကြီးများ အထူးအစည်းအဝေးကို Video Conferencing ပြုလုပ်မည် ဖြစ်ကြောင်း။
ယနေ့ ပြုလုပ်သည့် " Online Workshop on Crisis Management Rethink, React and Recovery” ကို တက်ရောက်လာကြသည့် ရုံးခွဲတာဝန်ခံများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကျွမ်းကျင်သူများ၏ အကြံပြု ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုနေသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့် ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာစေရန် များစွာအထောက်အကူဖြစ်မယ်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် ရလဒ်ကောင်း၊ အကြံဉာဏ်ကောင်းတွေရရှိရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဉီးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် ရုံးခွဲတာဝန်ခံများက ကိုဗစ်-၁၉ ကာလအတွင်း ဒေသအလိုက် ဆောင်ရွက်နေမှု အခြေအနေများ၊ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်သည့်အခြေအနေများ၊ ကိုဗစ်-၁၉ အလွန်ကာလအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြကြသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦး နိုင်ငံတော်က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ခရီးသွားလုပ်ငန်းများကို ကုစားဆောင်ရွက်နေ မှုများ၊ ခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ၏ Impact Assessment ပြုလုပ်နေမှုများကို ရှင်းလင်းတင်ပြပြီး Direct Financial Support နှင့် Indirect Financial Support များကို ပိုမိုထိရောက်စွာ ပေးသင့်ပါကြောင်း၊ လက်ရှိအခြေအနေသည် အရေးပေါ်အခြေအနေ (Crisis) မျိုးဖြစ်၍ ဖြေလျော့ပေးသင့်သော လုပ်ထုံးလုပ်နည်း များကို ဖြေလျော့ပေးသင့်ပါကြောင်း၊ စျေးကွက်ဝင်နိုင်ငံနှင့် ခရီးစဉ်ဒေသများကို ဦးစားပေးရွေးချယ်၍ လုပ်ငန်းဆောင်ရွက်ရန် Tourism Recovery Plan ရေးဆွဲသင့်ကြောင်း၊ ခရီးစဉ်၊ ခရီးသွားထုတ်ကုန်အသစ်များ ဖန်တီးသင့်ကြောင်းနှင့် Social Media သုံး၍ ပိုမိုကျယ်ပြန့်အောင် မြှင့်တင်သင့်ကြောင်း တင်ပြဆွေးနွေးသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင် ဦးမျိူးသွင် (ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအသင်း)၊ ဦးခင်အောင်ထွန်း (အမှုဆောင်၊ ပုဂံဇုန် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း)နှင့် ဦးမင်းကျော်ဦး (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း)တို့ကလည်း ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုများအား ပြန်လည်ကုစားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည်။
ယင်းနောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ယခုအစည်းအဝေးသည် မဟာဗျူဟာ ရည်မှန်းချက် ချမှတ်ရမည့် အစည်းအဝေးဖြစ်ကြောင်း၊ ပထမ မဟာဗျူဟာ ရည်မှန်းချက်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် Stimulus Package ကို အရည်အချင်း ပြည့်မီသူများ လျင်မြန်စွာ ရရှိနိုင်ရေးဆောင်ရွက်ရန် ၊ အရည်အချင်းမပြည့်သူများအား ပြည့်မီလာအောင် Public နှင့် Private ပူးပေါင်းဆောင်ရွက်သွားရန်၊ ဒုတိယမဟာဗျူဟာ ရည်မှန်းချက်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ ကိုဗစ်-၁၉ အလွန် (၃) လမှ (၆) လအတွင်း ပြန်လည်စတင်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ကူညီသွားရန်၊ တတိယမဟာဗျူဟာ ရည်မှန်းချက်အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းထားမှုများအား ဖြေလျော့ပြီးပါက လုပ်ငန်းများ မည်သို့ ပြန်လည် ပြင်ဆင်လုပ်ကိုင်ရန်နှင့် Destination အသစ်များ ပြန်လည်ဖော်ဆောင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် Swisscontact အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ Crisis Management and Leadership Online Seminar ကို ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသော Stakeholders များနှင့်အတူ Video Conferencing စနစ်ဖြင့်ကျင်းပရာ ဝန်ကြီးဌာနမှ အရာထမ်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်စဉ်)


