ဟားခါး ၂၇  ဧပြီ

 

ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း Community Based Facility Quarantine တွင် ထားရှိသူများ စာနပ်ရိက္ခာ ဖူလုံမှုရှိစေရေးအတွက် ကမ္ဘောဇဘဏ်မှ မတည်လှူဒါန်းငွေကျပ် သိန်း ၃၀၀ နှင့် ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ထန်တလန်မြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာယ အသင်းတို့မှ အလှူငွေကျပ် သိန်း ၅၀ ကို ယနေ့ မွန်းလွဲ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရပါသည်။

 

ထိုသို့လှူဒါန်းရာတွင် ချင်းပြည်နယ် Community Based Facility Quarantine တွင် ထားရှိသူများ စာနပ်ရိက္ခာ ဖူလုံမှုရှိစေရေးအတွက် ကမ္ဘောဇဘဏ်က မတည်လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၃၀၀ ကို ကမ္ဘောဇဘဏ် ဥက္ကဋ္ဌကိုယ်စား ကမ္ဘောဇဘဏ် (ဟားခါးဘဏ်ခွဲတာဝန်ခံ) ဒေါ်ဇာခြည်ငြိမ်းက ပေးအပ်ရာ ချင်းပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

အလားတူ ယနေ့ နံနက် ၁၁ နာရီခွဲက ချင်းပြည်နယ် ပလက်ဝမြို့နယ် တိုက်ပွဲရှောင်ပြည်သူများအတွက် ထန်တလန်မြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာယအသင်းက အလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ချင်းပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါလှူဒါန်းပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ်အတွက် အဘက်ဘက်က လှူဒါန်းပေးကြသော  အလှူရှင်များအား ဝန်ကြီးချုပ်က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

 

မြင့်နိုင်စိုး(ပြန်/ဆက်)