မြဝတီ ၂၇ ဧပြီ 

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ယခု မေလ ပထမပတ်မှစပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာ မည်ဖြစ်ရာ ၎င်းတို့အား ၂၁ ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရန်အတွက် စခန်း ၁၀ ခု ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာထံမှ သိရသည်။

 

အဆိုပါ စောင့်ကြည့်ရေးစခန်းများမှာ ရွှေမြဝတီစခန်း၊ အထက(၁)၊ ကျောက်လုံးကြီး၊ လေးကေ့ကော်၊ MOU၊ သင်္ဃန်းညီနောင်၊ သဘာဝတရားရိပ်သာ၊ ထီးမယ်ဝါးခီး၊ အထကခွဲ(၁)၊ ထာဝရနှစ်သစ် ကူးကွင်းတို့ဖြစ်ပြီး စုစုပေါင်းလူဦးရေ နှစ်ထောင်ခန့် ထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“ပြန်ဝင်လာသူများအနေဖြင့် အသွားအလာ ကန့်သတ်စောင့်ကြပ်မှုကို မဖြစ်မနေခံယူရမှာဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၆ ရက်နေ့ ပြည်သူများအား အသိပေးတင်ပြခြင်းနှင့် ပန်ကြားခြင်း ကြေညာချက် အရ မြန်မာနိုင်ငံအနေဖြင့် အသွားအလာ စောင့်ကြပ်ကြည့်ရှုသည့် နေရာပေါင်း (၇၀၂၀)နေရာခန့်ရှိပြီး စုစုပေါင်း အသွားအလာ စောင့်ကြပ်ကြည့်ရှုခံရသူ (၄၂၆၇၁) ဦးခန့်ရှိနေသေးကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)