၂၈  ဧပြီ

မန်ယူဂိုးသမားဒီဂီယာဟာ အသင်းရဲ့ နံပါတ်တစ်ဂိုးသမားအဖြစ် ဆက်လက်ရှိနေဖို့ ဆန္ဒရှိနေတာကြောင့် အိုးထရက်ဖို့ဒ်မှာ ကာလကြာရှည်ကစားသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

မန်ယူအသင်းအနေနဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်း ကစားသမားဒီယန်ဟန်ဒါဆန်ကို အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်တဲ့အတွက် စပိန်ကြယ်ပွင့်ဂိုးသမား ဒီဂီယာဟာ မန်ယူအသင်းနဲ့အတူ ပုံမှန်ပွဲထွက် ကစားခွင့်မရမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

ဒီဂီယာဟာ လက်ရှိမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ရရှိနေတာဖြစ်ပြီး အဲဒီစာချုပ်ဟာ စက်တင်ဘာလအတွင်းက ကာလရှည် ချုပ်ဆိုခဲ့တဲ့စာချုပ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဂိုးသမား ဒီဂီယာအနေနဲ့ မန်ယူအသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိတဲ့အပြင် လာမယ့်နွေရာသီဈေးကွက်အတွင်းမှာ မန်ယူ အသင်းနဲ့အတူ ကစားခဲ့တဲ့ ကစားသမားဘဝ သက်တမ်း ၁၀ နှစ်ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။

ဂိုးသမားဒီဂီယာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ကြေးပေါင် ၁၈ ဒသမ ၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ ဂိုးသမားဒီဂီယာဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ ၅၇ ပွဲကစားပေးခဲ့ပြီး လက်ရှိကလပ် မန်ယူအသင်းနဲ့အတူ ၃၀၄ ပွဲအထိ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။

ငွေကြယ်