၂၈ ဧပြီ
တစ်နေ့လုံးလည်း စားချင်တာတွေ စားပြီးပြီ။ ည အိပ်ရာဝင်ခါနီးကျမှ ဗိုက်က ထပ်ဆာနေတယ်။ ညဘက်စားရင် ဝိတ်တက်မယ်ဆိုတာလည်းသိတယ် ဗိုက်ကဆာနေတော့ မစားဘဲနေရင်လည်း အိပ်လို့ကမရ၊ ဒီနေ့စားလိုက်ရင် နောက်ရက် ဒီအချိန်ရောက်တိုင်း စားချင်နေတာဆိုတော့ အကျင့်ကပါနဲ့ ညတိုင်း အိပ်ခါနီးအစားတွေစားမိနေပြီလား။ ဒီအချက်လေးတွေကို တစ်ချက်ဖတ်ကြည့်ပါ။ သူတို့က ဖြေရှင်းပေးနိုင်မှာနော်။
အိပ်ခါနီးတိုင်း အစားစားတတ်တဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် နည်းလမ်းတွေ။
(၁) ကိုယ်တစ်နေ့တာစားတဲ့အစားအစာတွေထဲမှာ ပရိုတင်း အဓိကပါပါစေ။
ပရိုတင်းက ကစီဓါတ်ထက်စာရင် အဆီစုခြင်းကိုလည်း မဖြစ်စေဘူး စားထားရင်လည်း အဆာခံစေတာကြောင့် တစ်နေ့တာလုံး စားထားတဲ့အစားအစာတွေက ပရိုတင်းဓါတ်ကြွယ်ဝနေဖို့ အရေးကြီးပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အနီရောင်အသားတွေ၊ ပဲ အမျိုးမျိုး၊ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။
(၂) အိပ်ချိန်မှန်ပါစေ။
ညဘက်အိပ်ရာဝင်တာနောက်ကျတဲ့အခါ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ghrelin ဟော်မုန်းတွေ အများအပြား ထွက်လာတာကြောင့် ဗိုက်ဆာနေတော့မှာပါ။ လူတစ်ယောက်အတွက် အကောင်းဆုံး အိပ်ချိန်အပိုင်းအခြား ည ၁ဝ နာရီကနေ မနက် ၃ နာရီအတွင်းရှိတာကြောင့် ညဘက်အစောဆုံး ၁၀ နာရီလောက်အိပ်ပါ။
(၃) ရေနွေးနွေးလေးသောက်ပါ။
တစ်ခါတလေကျရင် ရေဆာတာနဲ့ ဗိုက်ဆာတာနဲ့ကို မှားတတ်ကြပါတယ်။ ဒါ့ကြောင့် အိပ်ရာဝင်ခါနီးလေးမှာ ကဖင်းဓါတ်အများကြီးမပါတဲ့ လက်ဖက်စိမ်းရည်တို့၊ ရေနွေးနဲ့ သံပရာသီးစိမ်ထားတာတို့ကို သောက်ပေးပါ။ ရေသောက်လိုက်တာကြောင့် ဗိုက်ပြည့်သွားမှာ ဖြစ်သလို ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။
နောက်ပြီး ခုပြောပြမယ့် အချက်တွေကိုလည်း လိုက်လုပ်ကြည့်လို့ရပါတယ်။
ညစာစားပြီးပြီးချင်း သွားတိုက်ပါ။ ဒါမှ နောက်တစ်ခါ ထပ်သွားတိုက်ရမှာ ပျင်းပြီး မစားတော့မှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ညစာထဲမှာ ပရိုတင်း၊ အသီးအရွက်တွေနဲ့ ကောက်ပဲသီးနှံတွေ ပါဖို့လိုပါတယ်။ ဒါမှအဆာခံမှာ ဖြစ်ပါတယ်။
အငတ်မခံပါနဲ့။ နည်းနည်းလေးစားပေးလို့ရပါတယ်။ အချိုကဲတဲ့သရေစားတွေအစား စပျစ်သီးတို့ အသီးအရွက်သုပ်တို့ စားပေးလို့ရပါတယ်။
ညရောက်တိုင်း စားချင်နေတဲ့စိတ်ကို ဖြေဖျောက်ဖို့အတွက် စာဖတ်ပါ။ သီချင်းနားထောင်ပါ။
အကျင့်တစ်ခုကို ဖျောက်ဖို့အတွက် အဲဒီအကျင့်ကို မလုပ်ဘဲနဲ့ ၂၈ ရက်လောက်နေမှ ရတာမို့ စိတ်ရှည်ဖို့တော့လိုပါတယ်။
ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”