ပင်လည်ဘူး ၂၈ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်နှင့် ဝန်ထမ်းအဖွဲ့သည် ဧပြီ ၂၈ ရက်နေ့ နံနက် ၈ နာရီတွင် ပင်လည်ဘူးမြို့စည်ပင်သာယာဈေးနှင့် ယာယီပျံကျဈေးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါအသိပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ဧပြီ ၂၇ ရက်နေ့တွင်လည်း ပင်လည်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၂ အုပ်စုရှိ ကျေးရွာပေါင်း ၂၆၆ ရွာများသို့ အရောက် ကိုဗစ်-၁၉ ရောဂါအသိပညာပေး ပိုစတာနှင့်လက်ကမ်းစာစောင် (၁၁)မျိုးတို့ကို သွားရောက် ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ပညာပေးပိုစတာများနှင့် လက်ကမ်းစာစောင်တို့ကို ကျေးရွာအတွင်းရှိ ဈေးဆိုင်များ၊ လူသွားလူလာများသည့်နေရာများ၊ လမ်းဆုံလမ်းဂွများတွင် ကပ်ပြီးပြသဆောင်ရွက်ပေးရန် ပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ထွန်းဇော်၏ ပြောပြချက်အရ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


