ရန်ကုန် ၂၈ ဧပြီ
တောင်ဥက္ကလာပမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဈေးရောင်းသူများပူးပေါင်း၍ ပြည်သူများ Stay at home ကာလအတွင်း အပြင်သို့မထွက်ဘဲ အိမ်မှာပင်နေ၍ ဈေးဝယ်ယူနိုင်ရန် ဧပြီ ၂၃ ရက်နေ့မှစ၍ ဈေးကားလေးများဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ပြီး အိမ်တိုင်ရာရောက်ဈေးရောင်းချပေးလျက်ရှိရာ ယနေ့အချိန်တွင် (၅)ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်ပေးသည့် ဈေးကား(၄၀)စီးဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်ရွက်အစုံနှင့် သားငါးများပါဝင်သော သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်သို့ အလှည့်ကျ လိုက်လံရောင်းချပေးလျက်ရှိသည်။ ထို့ပြင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စီစဉ်ပေးသည့် ဈေးကားလေးများဖြင့် ရောင်းချမှုအစီအစဉ်အား နေ့စဉ် နံနက်(၆)နာရီခွဲအချိန်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
နေထက်အောင်


