မြိတ် ၂၈ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံများအား သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှုရှိမရှိ၊ လတ်ဆတ်သော ပါကေးငါးများ အမှန်တကယ် ကြိတ်ခွဲမှုရှိမရှိကို ဧပြီ ၂၆ ရက် ည(၈)နာရီက မြို့နယ်ကြီးကြပ် စစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
“အဓိကအားဖြင့် ငါးမှုန့်ကြိတ်စက်ရုံမှ အနံ့ဆိုးမထွက်ရှိရေး၊ အများပြည်သူကျန်းမာရေး မထိခိုက်စေရေးကို အဓိကထားစစ်ပါတယ်။ ဒီလိုစစ်တဲ့နေရာမှာလည်း ဌာနဆိုင်ရာများ၏ ညွှန်ကြားချက်တွေကို အခြေခံပြီးတော့ စစ်ဆေးပါတယ်။ ပုံမှန်အားဖြင့်တော့ မနက်ခင်းကို စစ်ပါတယ်။ (၂၆)ရက်ညမှာ ရှောင်တခင်အနေနဲ့ ငါးအမှုန့် ကြိတ်စက်ရုံတွေကို ဌာနဆိုင်ရာများ၏ ညွှန်ကြားချက်များအား အမှန်တကယ်လိုက်နာမှုရှိမရှိ၊ လတ်ဆတ်တဲ့ ပါကေးငါးများကို အမှန်တကယ် ကြိတ်ခွဲမှုရှိ/မရှိ မြို့နယ်စစ်ဆေးရေးအဖွဲ့မှ ရပ်ကျေးစောင့်ကြည့်ရေးအဖွဲ့ပါ ပေါင်းစပ်ပြီး ရှောင်တခင် စစ်ဆေးတာဖြစ်ပါတယ်” ဟု မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးရန်ကင်း က ပြောသည်။
မြိတ်မြို့တွင် လည်ပတ်ဆောင်ရွက်လျက်ရှိသော ငါးအမှုန့်ကြိတ်စက်ရုံများမှ စက်ရုံတစ်ရုံအား (၂၀၁၈) ခုနှစ် နိုဝင်ဘာလ၌ အနံဆိုးများထွက်ရှိမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေဖြင့် အရေးယူကာ စက်ရုံလည်ပတ်မှုအား ခေတ္တရပ်နားမှု ရှိခဲ့ဖူးသည်။ ယခုလ(၂၄)ရက် ညပိုင်းတွင် ငါးအမှုန့်ကြိတ်စက်ရုံမှ အနံ့ဆိုးများထွက်ရှိနေသဖြင့် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြပြီး သတ်မှတ်စည်းကမ်းနဲ့ မညီညွှတ်သော ငါးအမှုန့်ကြိတ်စက်ရုံအား သက်ဆိုင်ရာ ဌာနများမှ အရေးယူပေးရန် အကြောင်းကြား ထားကြောင်း သိရသည်။
“နှစ်တိုင်းနှစ်တိုင်း ငါးအမှုန့်ကြိတ်စက်ရုံက ဒီရာသီဆိုရင် အမြဲတမ်းအနံ့ဆိုးထွက်တာ ပြန်ပြန်ဖြစ်နေ ပါတယ်။ ငါးအမုန့်ကြိတ်စက်ရုံနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် အရေးယူသင့်နေပြီလို့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြောချင်တယ်။ ပြည်သူတွေ နှစ်ပေါင်းများစွာ ငါးအမှုန့်အနံ့ဆိုးကို ခံနေရတာ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း လုံးဝ ဒီအနံ့ဆိုးကို မခံစားချင်တာရော နောက်တစ်ခုက ငါးအမှုန့်ကြိတ်စက်ရုံက ငါးသယံဇာတတွေ အများကြီးဆုံးရှုံးသလို ကျန်းမာရေးအရလည်း ထိခိုက်ပါတယ်” ဟု မြိတ်မြို့နယ် ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး က ပြောသည်။
မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံ၌ ငါးအမှုန့်ကြိတ်စက်ရုံ(၄)ရုံရှိပြီး ငါးအမှုန့်ကြိတ်စက်ရုံများအား မြို့နယ် ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ရပ်ကွက်ကျေးရွာစောင့်ကြည့်ရေးအဖွဲ့နှင့်အတူ စက်ရုံအတွင်း ငါးအမှုန့်ကြိတ် လည်ပတ် ဆောင်ရွက်နေမှုနှင့် ငါးဖမ်းလှေများမှ ပါကေးငါးများ တင်ပို့ဆောင်ရွက် နေမှုတို့ကို သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာမှုရှိမရှိကို ရှောင်တခင် စစ်ဆေးဆောင်ရွက် ခဲ့ကြပြီး စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ငါးလုပ်ငန်းဦးစီးဌာနမှူး ထံမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


