လွိုင်ကော်   ၂၈   ဧပြီ

 

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိရောက်စွာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အားလုံးတွင် ည (၁၀) နာရီအချိန်မှ နံနက် (၄) နာရီအတွင်း ခိုင်လုံသော အကြောင်းတစ်စုံ တစ်ရာမရှိဘဲ သွားလာမှုမရှိစေရေး၊ ပြည်နယ်အတွင်း ဝင်/ထွက်သွားလာမှုများနှင့် ပတ်သက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ ကျန်းမာရေးနှင့် ဆက်စပ်ဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကျန်းမာရေးနှင့် ဝင်/ထွက် သွားလာမှု အခြေအနေများအား စောင့်ကြပ် ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြေပြင်ဆောင်ရွက်နေရသည့် အခြေခံဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအား ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက်မရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများအတိုင်း ထိထိရောက်ရောက် စိစစ် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်မှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လိုအပ်သည်များအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ယမန်နေ့က ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ဦးအံ့မော်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ လွိုင်ကော်၊ ဒီးမော့ဆို မြို့နယ် အတွင်းရှိ ဝင်/ထွက် ဂိတ်များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ကယား ပြည်နယ်သို့ တောင်ငူမြို့နယ်မှ လည်းကောင်း၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ဘက်မှ ဝင်ရောက်နိုင်သည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါတဝီ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ လည်းကောင်း၊ ယင်းနောက် ရှမ်းပြည်နယ်မိုးဗြဲမှ တစ်ဆင့် ဝင်ရောက်နိုင်သည့် ကပ္ပါယ်ခူ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ လည်းကောင်း၊ ယင်းနောက် လွိုင်ကော်မြို့သို့ အဓိက ဝင်ပေါက်ဖြစ်သည့် ဝါရီကောခူ ပူးပေါင်း စစ်ဆေးရေးဂိတ် သို့လည်းကောင်း၊ ယင်းနောက် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်နိုင်သည့် ဆောင်ကန်း ပူးပေါင်းစစ်ဆေးရေး ဂိတ်နှင့် လွိုင်လင်လေးမြို့အဝင် ထီးစဲခါးပူးပေါင်း စစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

 

ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်မှု ရှိ / မရှိ စစ်ဆေးဆောင်ရွက်ပုံ အဆင့်ဆင့်အား မေးမြန်းခြင်း၊ မှတ်ပုံတင်ရေးသွင်းသည့် စာအုပ်များ စနစ်ကျ မှန်ကန်မှု ရှိ/ မရှိ၊ ဝင်/ထွက် သွားလာမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မှတ်တမ်းထားရှိမှုများ၊ သွားလာသူများ အနေဖြင့် Mask အသုံး မပြုဘဲ ဝင်/ထွက် သွားလာမှုကို ထိရောက်စွာ အသိပညာပေး ဟန့်တားဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်း ကိရိယာဖြင့် ဆောင်ရွက်ရာတွင် ကျန်းမာရေး ရှုထောင့်မှ PPE ဝတ်စုံများဖြင့် ဝတ်ဆင်ဆောင်ရွက်လိုပါက ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေး စီမံပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်များတွင် အဆင်ပြေစွာဖြင့် စိစစ်ဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ် ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် တာဝန်ထမ်းဆောင်သည့် ဒေါတဝီပူးပေါင်း စစ်ဆေး ရေးဂိတ်မှ ဝန်ထမ်း (၁၇) ဦးအတွက် ကြက်ဥအလုံး (၁၇၀)လုံး၊ ကပ္ပာယ်ခူပူးပေါင်းစစ်ဆေးရေးဂိတ်မှ ဝန်ထမ်း (၁၇) ဦးအတွက် ကြက်ဥအလုံး (၁၇၀)လုံး၊ လွိုင်ကော်မြို့နယ်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ် (၃) ခုဖြစ်သော ဝါရီကောခူ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ ဆောင်ကန်း ပူးပေါင်းစစ်ဆေးရေး ဂိတ်နှင့် ထီးစဲခါး ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ဝန်ထမ်း (၄၅) ဦးအတွက် ကြက်ဥအလုံး (၄၅၀) လုံး၊ ဝန်ထမ်း (၇၉) ဦး အတွက် တစ်ဦးလျှင် (၁၀) လုံးနှုန်းဖြင့် ကြက်ဥ အလုံး (၇၉၀) လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထွန်းလေး (ပြန်/ဆက်)