ကော့သောင်း  ၂၈   ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံရနောင်းမြို့မှပြန်လည် ဝင်ရောက်လာမည့် မြန်မာအလုပ်သမားများ ရောက်ရှိလာပါက ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ်စောင့်ကြည့်စခန်းများ ထံမံတိုးချဲ့ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရောဂါဖြစ်ပွားမှု အစပိုင်းကာလများက အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်း Facility Quarantine Center  (၄)နေရာ ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ရောက်ရှိလာပါက ထားရှိစောင့်ကြည့်နိုင်ရေး စောင့်ကြည့်စခန်း (၁၅)နေရာအထိ ထပ်မံတိုးချဲ့ဖွင့်လှစ် ပြင်ဆင်ထားပြီး လူဦးရေ(၇၀ဝ)ခန့် ထားရှိစောင့်ကြည့်နိုင်ရေး ပြင်ဆင်ထားရှိကြောင်း၊ ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ဘုတ်ပြင်းမြို့နယ်တွင် စောင့်ကြည့်စခန်း(၁၃)နေရာဖြင့် (၃၆၅)ဦး၊ ခမောက်ကြီးမြို့ တွင်စောင့်ကြည့်စခန်း(၇)နေရာဖြင့် (၁၄၅)ဦး၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စောင့်ကြည့်စခန်း(၇)နေရာဖြင့် (၁၇၀)ဦး၊ ကရသူရိမြို့တွင် စောင့်ကြည့်စခန်း(၈)နေရာ ဖြင့် (၁၄၀)ဦး၊ ကော့သောင်းတစ်ခရိုင်လုံးအနေဖြင့် စောင့်ကြည့်စခန်း နေရာ(၅၀)တွင် လူဦးရေစုစုပေါင်း(၁၄၉၆)ဦး အထိလက်လံစောင့်ကြည့်မှုများ ဆောင်ရွက်ရန်ပြင်ဆင် ထားရှိကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းက စောင့်ကြည့်စခန်းများအား ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ နှင့် ကော်မတီအဖွဲ့ဝင်များက စောင့်ကြည့် ပြည်သူများ ထားရှိနိုင်ရေး ပြင်ဆင်ထားမှုအခြေအနေနှင့် နေထိုင် စားသောက်ရေး၊ သောက်သုံးရေ လိုအပ်မှု၊ အမှိုက်စွန့်ပစ်စနစ်နှင့် မိလ္လာစနစ်အခြေအနေများအား လိုက်လံစစ်ဆေးကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူအဆင့်ဆင့်ဖြင့် အသင့်အနေ အထားဖြစ်စေရန် ပေါင်းစပ် စီမံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)