ဒေးဒရဲ ၂၈ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များနှင့် အများပြည်သူ အလွယ်တကူသိရှိလိုက်နာရမည့် အသိပေးချက်များကို ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့အရောက် ကွင်းဆင်းအသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဒေးဒရဲမြို့နယ်အတွင်းရှိ မငေးကြီး၊ သာယာကုန်း၊ ကံချောင်၊ ကံစုနှင့် အောင်မင်္ဂလာကျေးရွာများအတွင်းနှင့် ချောင်းရိုးများတစ်လျှောက် လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပြည်သူလူထုအတွင်း ကူးစက်ပျံ့နှံ့မှု မရှိစေရေး အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရန်၊ ရှောင်ရန်များနှင့် ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်များအား ကျေးရွာအတွင်းရှိ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်စေရေး (Hand Speaker) များဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


