ညောင်ဦး ၂၈ ဧပြီ
ညောင်ဦးမြို့တွင် နေ့စဉ် ည(၁၀) နာရီအချိန်မှ နံနက်(၄) နာရီအချိန်ထိ သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ချက်အား လိုက်နာမှုရှိစေရေး ယမန်နေ့ည ၁၁ နာရီ မိနစ် ၄၀ အချိန်က တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စအဖ တပ်ဖွဲ့မှူးနှင့် ပူးပေါင်းအဖွဲ့များသည် ပြည်သူများ မလိုအပ်ဘဲ လမ်းများပေါ်တွင် ထွက်ရောက်သွားလာမှု မရှိစေရေး လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့များသည် ညောင်ဦးမြို့သို့ အခြားမြို့နယ်ဒေသများမှ ဝင်ထွက်သွားလာရသည့် ညောင်ဦး-မြင်းခြံ ဝင်ထွက်ဂိတ်၊ ညောင်ဦး-ကျောက်ပန်းတောင်း ဝင်ထွက်ဂိတ်၊ ညောင်ဦး- ချောက် ဝင်ထွက်ဂိတ်၊ ညောင်ဦးမြို့နှင့် ပုဂံမြို့ပေါ်ရှိ လူသွားလူလာများပြားသည့် လမ်းမကြီးများနှင့် လမ်းဆုံနေရာများအနှံ လိုက်လံစစ်ဆေးကြောင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း ထံမှ သိရသည်။
ထိုသို့ လိုက်လံစစ်ဆေး ဆောင်ရွက်နေခြင်းသည် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ အမိန့်ထုတ်ပြန်ချက်များအား ပြည်သူများတိကျစွာ လိုက်နာဆောင်ရွက်ရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


