ဟင်္သာတ ၂၈ ဧပြီ
ဟင်္သာတမြို့နယ်တွင် ရွာချင်းဆက် ကျေးရွာများဖြစ်သည့် လက်ပံစုကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့၌ ကျေးရွာ(၂)ရွာ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ အားဖြင့် ကိုဗစ်-၁၉ ရောဂါကြို တင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။
“ရွာက (၂)ရွာဆက်နေတော့ ရွာထိပ်နှစ်ဘက်မှာ အသိပေးဆိုင်းဘုတ်တွေထားတယ်၊ လက်ဆေးဖို့ ရေနဲ့ဆပ်ပြာတွေ ထားတယ်၊ နှာခေါင်းစည်း mask တပ်လာမှဝင်ရဖို့ ပြောတယ်၊ နှာခေါင်းစည်းမပါရင် ဝယ်ထားတဲ့ဈေးအတိုင်းရောင်းပေးပြီး တပ်သွားဖို့တွေစတဲ့ တတ်နိုင်တဲ့ဘက်ကနေ ရောဂါကာကွယ် ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးဆောင်သူ ကိုနိုင်ဦး ပြောပြချက်အရ သိရသည်။
အဆိုပါကျေးရွာများတွင် ပြည်ပ၊ ပြည်တွင်းပြန်များ ရောက်ရှိပါက (၂၁)ရက် စောင့်ကြည့်စင်တာ ထားရှိရန် နေရာများကို သတ်မှတ်ရွေးချယ်ထားပြီး ဟင်္သာတမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို လိုက်နာမှုရှိရေးအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာ အကျိုးဆောင်ရွက်သူများက ကင်းလှည့်စစ်ဆေး ခြင်းများကို ညစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


