မြင်းမူ ၂၈ ဧပြီ
၂၀၂၀ ပြည့်နှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဒေသခံပြည်သူများ (ပျိုးပင်)သစ်ပင်များ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း သစ်ပင်(ပျိုးပင်)ပေါင်း (၃၃၁၀၀) ကို စိုက်ပျိုးထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။
လာမည့် ဇွန်၊ ဇူလိုင်မိုးကျရာသီမှာ အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ ဒေသနဲ့ကိုက်ညီတဲ့ အပင်တွေကို ပျိုးပင်အဖြစ် စိုက်ပျိုးပေးထားပါကြောင်း၊ ယမန်နှစ်ကလည်း ပျိုးပင်ပေါင်း (၃၀၀၀၀)ကျော် ဖြန့်ဝေခဲ့ပါကြောင်း၊ ဒေသခံပြည်သူများအပြင် ဌာနဆိုင်ရာများ၊ လူမှူရေးအသင်းအဖွဲ့များက အများဆုံး လာရောက် ထုတ်ယူစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ယခုပျိုးထောင်စိုက်ပျိုးထားသည့် အပင်များမှာ ကျွန်းပင်(၁၀၀၀၀)၊ တမာပင်(၃၀၀၀)၊ မယ်ဇလီပင် (၃၀၀၀)၊ ရေတမာပင်(၁၀၀၀)နှင့် ယူကလစ်ပင် (၁၃၁၀၀)တို့ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးမှူး ဦးစိုးတင့် ထံမှ သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


