ဗန်းမော် ၂၈ ဧပြီ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကွန်ပျူတာသိပ္ပံကျောင်းသားများနှင့် ကွန်ပျူတာ နည်းပညာ ကျောင်းသားများ စုစုပေါင်း(၇)ဦးတို့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူပြု Robotic Trolley (အလိုအလျှောက်ပို့ဆောင်ပေးသောတွန်းလှည်း) ကို ဆေးရုံများတွင် အသုံးပြုနိုင်ရန်အတွက် ဧပြီ ၂၄ ရက်ကစတင်၍ တီထွင်စမ်းသပ်ပြုလုပ် လျက်ရှိကြောင်း သိရသည်။
"ဆေးရုံတွေမှာ Robotic Trolley အလိုအလျှောက်ပို့ဆောင်ပေးတဲ့ တွန်းလှည်းကို လိုအပ်နေကြောင်း ပညာရေးဝန်ကြီးဌာနက ဒီလိုအပ်ချက်တွေကို အင်ဂျင်နီယာလောကမှာ ပညာရှင်များတွေ၊ တက္ကသိုလ်များက ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေက ကူညီပေးကြပါလို့ တိုက်တွန်းနှိုးဆော်ခဲ့တာကို သိရှိခဲ့ရပြီးတော့ ကျွန်မတို့ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)က ကျောင်းသားတွေ သိအောင်လို့ အသိပေးခဲ့ပါတယ်၊ ကျွန်မတို့ ကျောင်းသား(၇) ယောက်က အဝေးကနေ အပြေးအလွှား လာကြပြီးတော့ အခုလို တီထွင်ပြုလုပ်နေတာ ဖြစ်ပါတယ်" ဟု ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးက ပြောသည်။
"ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ဆေးရုံတွေမှာ တကယ့်သူရဲကောင်း ဆရာဝန်တွေအတွက် လူနာနဲ့ ထိတွေ့နေတဲ့အခါ ကျွန်တော်တို့ နည်းပညာပိုင်းကနေ ဘယ်လိုအထောက် အကူပြုနိုင်မလဲ အဲ့အခါမှာ ကျွန်တော်တို့ နည်းပညာတစ်ခု စိတ်ကူးခဲ့ပြီးတော့ ဆရာမကြီးကို တင်ပြခဲ့တဲ့အခါမှာ ဆရာမကြီးကလည်း ဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးနေတယ်၊ Robotic Trolley ကို တီထွင်ကြပါတယ်၊ အခုဆို ၆ဝ ရာခိုင်နှုန်းပြီးနေပါပြီ ကျွန်တော်တို့ Robotic Trolley ရဲ့ လုပ်ဆောင်ချက်ကတော့ ဆေးရုံတွေမှာဆိုရင် ကျွန်တော်တို့ Robotic Trolley က Automatic သွားပြီးတော့ ဆရာဝန်တွေ မကူးစက်အောင် Trolley ကို အစားအသောက်နဲ့ ဆေးတွေကို သယ်ဆောင်ပေးပြီးတော့ လူနာများ ဘာကူညီပေးရမလဲ၊ ပြီးတော့ ပစ္စည်းမယူခင် လက်ဆေးပါ ဆိုပြီး Trolley မှာ Speaker တပ်ဆင်ထားပါမယ်" ဟု ကွန်ပျူတာတက္ကသိုလ်မှ တတိယနှစ် (ကွန်ပျူတာနည်းပညာ) မောင်နိုင်ဝင်းအောင်က ပြောသည်။
Robotic Trolley (အလိုအလျှောက်ပို့ဆောင်ပေးသောတွန်းလှည်း) တီထွင်မှုကို အောင်မြင်စွာ ပြီးဆုံးသွားပါက လုပ်သားအင်အား သက်သာစွာ စီမံခန့်ခွဲနိုင်ခြင်း၊ လူ လူချင်း ထိတွေ့မှုမရှိ၍ ရောဂါကူးစက်မှုနှုန်းကို လျော့ကျစေခြင်း၊ အချိန်နှင့်တစ်ပြေးညီ လိုအပ်သော ပစ္စည်းများအား လျင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်ခြင်း၊ အချိန်ကုန်သက်သာစေ၍ ပိုမိုကောင်းမွန်သော Service များပေးရန် အသုံးပြိုနိုင်ခြင်းစသည်ဖြင့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးလျက်ရှိကြောင်း ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရှိရသည်။
အဆိုပါ တီထွင်ဖန်တီးပြုလုပ်နေသော Robotic Trolley ကို နိုင်ငံတော်အတွက် အထူးလိုအပ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စောင့်ကြည့် စစ်ဆေးရေးတို့တွင် အကျိုးရှိထိရောက်စွာ လက်တွေ့အသုံးချ အကောင်အထည်ဖော်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း စွမ်းစွမ်းတမံ အကောင်အထည်ဖော် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


