မြစ်သား ၂၈ ဧပြီ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို ဧပြီ ၂၁ ရက်မှစ၍ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

 

မြစ်သားတစ်မြို့နယ်လုံးတွင် ပင်စင်စားဦးရေ(၂၃၀၀)ဦး ရှိပြီး အဆိုပါပင်စင်စားများ ပင်စင်လစာ လာရောက် ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရှေ့တန်းစခန်း(၇)ခု ဖွင့်လှစ်ထားရှိကာ ရှေ့တန်းစခန်းတစ်ခုလျှင် (၁)ရက်စီသတ်မှတ်၍ ဧပြီ ၂၁ ရက်မှ စတင်ကာ ဧပြီ ၂၉ ရက်နေ့အထိ နေ့စဉ်နံနက် ၁၀ မှနာရီမှ မွန်းလွဲ ၂ နာရီအထိ  ပင်စင်လစာများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

 

ပင်စင်လစာများ ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် တစ်ဦးနှင့်တစ်ဦး (၃)ပေအကွာရှိစေရန် နေရာများ စနစ်တကျသတ်မှတ်ပေးထားခြင်း၊ (၁၀)ဦးတစ်ဖြတ်စီဖြင့် ပင်စင်လစာများကို စနစ်တကျထုတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလင်းလင်းကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများမှလည်း ဘဏ်သို့လာရောက်သည့် မိဘပြည်သူများအား Mask များအခမဲ့ဖြန့်ဝေပေးခြင်း၊ Mask စနစ်တကျ တပ်ဆင်စေရေး အသိပညာပေးခြင်းနှင့် UNICEF မှထောက်ပံ့သည့် အသိပညာပေး ပိုစတာနှင့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)