မြိတ် ၂၈ ဧပြီ

 

မြိတ်မြို့တွင် နေရပ်ပြန်များအား Covid-19 ကာကွယ်ရေးအတွက် မြိတ်တက္ကသိုလ်၌ Facility Quarantine ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ပရဟိတများမှ Quarantine စခန်း လိုအပ်ချက်များနှင့် ချက်ပြုတ်ကျွေးမွေးရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။

 

“Volunteer အနေနဲ့ ကူညီဆောင်ရွက်တဲ့ အကြောင်းအရင်းက လိုအပ်ချက်အရ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ နေရေးထိုင်ရေး စားရေးသောက်ရေးအတွက် နိုင်တဲ့ဘက်မှ ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ Facility Quarantine ဝင်တဲ့သူတွေ စိတ်ညိုးငယ်မှုမရှိစေရန် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တာဝန်အများကြီးရှိပါတယ်။ ဒါကြောင့် ဒီ Volunteer အသိစိတ်ဓာတ်ဖြင့် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်ကို စဉ်းစားပြီး ကူညီဆောင်ရွက်ပေးပါတယ်။ ဒါကသူတို့ရဲ့စိတ်ကို ဖြည့်ဆည်းပေးတာပါ။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ အင်မတန်အရေးကြီးပါတယ်”ဟု ကူညီဆောင်ရွက်ပေးနေသူ ဦးဇော်မင်းဦးက ပြောသည်။

 

နေရပ်ပြန်များကို ကျန်းမာရေးပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လည်းကောင်း၊ လုံခြုံရေးပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြပြီး အုပ်ချုပ်ရေးအဖွဲ့နှင့် ပရဟိတများမှ စည်းကမ်းတကျဖြစ်အောင် ဆောင်ရွက်လျက်ရှိကြသည်။ ကူညီဆောင်ရွက်လျက်ရှိကြသည့် ပရဟိများမှာ Quarantine စခန်းတစ်ခုလျှင် (၅)ဦးစီရှိကြပြီး လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြသည်။ ထို့အတူ Quarantine စခန်းရှိ နေရပ်ပြန်များအတွက် ပရဟိတ(၁၅) ဦးမှလည်း အခမဲ့ ချက်ပြုတ်ပေးလျက်ရှိကြသည်။

 

“ပထမအစတော့ အလှူရှင်တွေနဲ့ ထမင်းဘူးတွေစီစဉ်ပါတယ်။ နောက်ပိုင်း ထမင်းဘူးဝယ်တာ ပိုက်ဆံအကုန်များတော့ အလှူရှင်ရှာပြီး ကိုယ့်အစီအစဉ်နဲ့ ထမင်းချက်ပြုတ်‌ကျွေးမွေးပါတယ်။ ထမင်းချက်ပြုတ်ကျွေးမွေးရာမှာ ချက်ပြုတ်တာကတစ်ဖွဲ့၊ ကျွေးမွေးတာကတစ်ဖွဲ့၊ သန့်ရှင်းရေးလုပ်တာကတစ်ဖွဲ့ သုံးဖွဲ့ခွဲပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပုလဲမာန်အဆောင် Quarantine စခန်းတာဝန်ခံ ဦးတင်ဇော်က ပြောသည်။

 

မြိတ်တက္ကသိုလ်ရှိ ပုလဲရာဇာအဆောင်နှင့် ပုလဲမာန်အဆောင်တို့တွင် Quarantine စခန်းဖွင့်လှစ်ထားရှိရာ နေရပ်ပြန်များကို တာဝန်ရှိသူများမှ Covid-19 ကာကွယ်ရေးအတွက် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး နေ့စဉ် နံနက်စာ၊ နေ့လယ်စာ၊ ညစာအပြင် မွန်းလွဲပိုင်းတွင် လက်ဖက်ရည်နှင့် မုန့်များကို တာဝန်ရှိသူများနှင့် ပရဟိတများမှ ကျွေးမွေးဆောင်ရွက်ပေးလျက် ရှိကြသည်။ နေရပ်ပြန်များကို တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ပံ့ပိုးငွေများနှင့် စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် တာဝန်ရှိသူများမှ စီမံဆောင်ရွက်ပေးလျက်ရှိကြသည်။

 

“နိုင်ငံတော်မှ ပံ့ပိုးပေးတာရှိပါတယ်။ အလှူရှင်တွေလည်း လာပါတယ်။ အလှူရှင်မရှိတဲ့အခါ ပံ့ပိုးငွေနဲ့ သုံးပါတယ်။ လက်ရှိအချိန်အထိ အားလုံးအဆင်‌ပြေနေတယ်‌ ပြောလို့ရပါတယ်။ ရေရှည်ကြီးဆိုရင် နည်းနည်းစဉ်းစားရပါ့မယ်။ ရက်ကတအားများလာရင် စားရေးသောက်ရေး အပိုင်းမှာ အခက်အခဲရှိပါတယ်။ ကျန်တာတော့မခက်ဘူး။ Volunteer ရယ်၊ လုံခြုံရေးရယ်၊ ကျန်းမာရေးရယ် အချိန်ပြည့်လုပ်နိုင်ပါတယ်” ဟု ပုလဲရာဇာအဆောင် Quarantine စခန်းတာဝန်ခံ ဦးရန်နိုင်စိုးက ပြောသည်။

 

မြိတ်မြို့နယ်တွင် Quarantine စခန်း(၄)ခုရှိပြီး နေရပ်ပြန် စုစုပေါင်း(၇၈)ဦးအား ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိရာ မြိတ်တက္ကသိုလ် Quarantine စခန်းတို့၌ လက်ရှိအချိန်တွင် နေရပ်ပြန်(၆၆)ဦးရှိကာ ၎င်းတို့ အားလုံးဟာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)