မိုးညှင်း ၂၈ ဧပြီ

 

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ဧပြီ ၂၈ ရက်က မြို့နယ်လျှပ်စစ်ဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ မိဘပြည်သူများထံသို့ ကိုဗစ်ကာလ၌ မိမိတို့အသုံးပြုလျက်ရှိသော မီတာခများအား မြို့နယ်လျှပ်စစ်ရုံးသို့ လျှပ်စစ်ဓါတ်အားခ ပေးဆောင်ရန် အခက်အခဲရှိသူများကို အိမ်တိုင်ရာရောက် သွားရောက်၍ မော်တော်ယာဉ်ဖြင့် ကောက်ယူခဲ့ကြောင်း သိရသည်။

 

“အရင်ကတော့ မီတာခတွေကို သတ်မှတ်ရက်‌ဆိုရင် မြို့နယ်လျှပ်စစ်ရုံးမှာ သွားဆောင်ရတယ်။ အခုတော့ ဌာနက‌နေ အိမ်တိုင်ရာရောက် ကောက်ခံပေးတာပါ။ ကိုဗစ်ကာလမှာ အပြင်လည်း ထွက်စရာမလိုတော့ဘူး။ လူစုလူဝေးလည်း မဖြစ်တော့ပါဘူး။ အဓိကတော့ ကိုဗစ်-၁၉ ရန်ကို ကာကွယ်နိုင်ဖို့ပါ ဒီအတွက် လျှပ်စစ်ဌာနကို ကျေးဇူးတင်ပါတယ်” လို့ မိုးညှင်းမြို့ အောင်သ‌ပြေရပ်ကွက်မှ‌ ဒေသခံတစ်ဦးက ပြောသည်။

 

“ကိုဗစ်ကာလမှာ ခုအချိန် အများပြည်သူတွေ အားလုံးအတွက် အကောင်းဆုံး လုပ်ဆောင်‌ပေးတာပါ။ ကျန်းမာရေးက အရေးကြီးသလို ရောဂါပိုးမွှား ကူးစက်မှု မဖြစ်ရလေအောင် ကြိုတင်ကာကွယ်တဲ့သဘောပါ။ မီတာခ‌‌ပေးဆောင်ဖို့ အခက်အခဲရှိတဲ့ မိဘပြည်သူတွေအတွက်  တစ်ဦးနဲ့တစ်ဦး လူစုပြီး တန်းစီနေစရာမလိုဘဲ (၆)ပေအကွာကနေ မီတာခကို အိမ်တိုင်ရာရောက် ကောက်ယူ‌ပေးပါတယ်”လို့ မိုးညှင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဇေယျာလွင်က ပြောသည်။

 

မိုးညှင်းမြို့နယ်တွင် လျှပ်စစ်မီတာ ၁၆၀၀၀ လုံးခန့် အသုံးပြုလျက်ရှိ‌သဖြင့် မီတာခပေးဆောင်ရန် အခက်အခဲရှိသော ရပ်ကွက်များသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်မှုဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် အိမ်တိုင်ရာရောက် ကောက်ယူရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

နီတိုး