မိုးမောက် ၂၈ ဧပြီ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာ ယခင်ပူးပေါင်းရေး ဂိတ်ဟောင်းနေရာ၌ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဧပြီ ၁၆ ရက်မှ ဧပြီ ၂၈ ရက်ထိ လက်ခံဆောင်ရွက်ရာ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အမျိုးသား ၂၅၆၁ ဦး၊ အမျိုးသမီး ၁၂၀၁ ဦး စုစုပေါင်း ၃၇၆၂ ဦးရှိပြီး မိုးမောက်မြို့အတွင်းနေ ပြည်သူ ၈၇၈ ဦး ပြန်လည်ဝင်ရောက်လာကာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ Quarantin စင်တာတွင် ထားရှိကြောင်း သိရသည်။
ဧပြီ ၂၈ ရက် နံနက် ၁၁ ကျော်မှ ကချင်ပြည်နယ်(ပြင်ပ) မကွေးတိုင်းဒေသကြီး ၁၁၅ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၄၈ ဦး စုစုပေါင်း ၂၆၃ ဦးတို့ကို ကျောက်စခန်းကျေးရွာ စိစစ်ရေးစခန်းတွင် ကြိုဆို၍ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် ဦးဆောင်မှုဖြင့် ထမင်းဘူး/ ရေဘူး/ Mask များ ဝေငှပေးခြင်းနှင့် ခရိုင်ဌာနဆိုင်ရာအကြီးအကဲများ ကြီးကြပ်ကာ လူဦးရေစိစစ်ခြင်းများ ဆောင်ရွက်ပေးကြောင်း၊ မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြည်သူများရောက်ရှိမှုအား လက်ခံစိစစ်ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဌာနမှ ကျန်းမာရေးစိစစ်ခြင်းများ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
အဆိုပါ ကချင်ပြည်နယ်(ပြင်ပ) မကွေးတိုင်းဒေသကြီး/ မန္တလေးတိုင်းဒေသကြီးသို့ ပြန်မည့်ပြည်သူများကို တပ်မတော်ယာဉ် (၁၃)စီး အကူအညီဖြင့် ကချင်ပြည်နယ်အဆုံးနှင့် ရှမ်းပြည်နယ်နယ်စပ် ငါးအိုးမြို့ထိ ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး (ပြန်/ဆက်)


