နေပြည်တော် ၂၈ ဧပြီ

 

ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေးပြည့်မီစေရေးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာကြမည့် မြန်မာနိုင်ငံသားများကို Quarantine ပြုလုပ်ရေးအတွက် လိုအပ်သည့် ဟိုတယ်များခွင့်ပြုပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များက Video Conferencing စနစ်ဖြင့် Online မှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြားဆက်စပ် လုပ်ငန်းများအပေါ် စီးပွားရေးသက်ရောက်မှုများကို ကုစားနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းမှ လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို တစ်နှစ်တာကာလအတွက် လျှော့ပေါ့ပေးခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ငှားရမ်းထားသည့် နိုင်ငံပိုင်ဟိုတယ်များက မြေငှားရမ်းမှုများ ရွှေ့ဆိုင်းပေးသွင်းခွင့် ပြုခြင်းများကို ဆောင်ရွက်ပါကြောင်း၊ လုပ်ငန်းများအနေနှင့်လည်း ခရီးသည်များကို စနစ်တကျနှင့် အာမခံမှုရှိရှိ ဝန်ဆောင်မှုပေးစေလိုပါကြောင်း။

 

ယခုလာမည့် ဧပြီ ၂၉ ရက်တွင် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ အာဆီယံခရီးသွားဝန်ကြီးများ အထူးအစည်းအဝေးနှင့် မေ ၇  ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) ၏ Healing solutions for Tourism Challenges Digital Meeting ကို Video Conferencing စနစ်ဖြင့် ဆောင်ရွက်ရန်ရှိပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ဆောင်ရွက်ရာတွင် ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ စနစ်တကျ အရည်အသွေးပြည့်မီရေးနှင့် သက်ဆိုင်ရာဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးရာတွင်  စနစ်တကျနှင့် ခရီးသွားများ ကျန်းမာရေး၊ ခရီးစဉ်လည်ပတ်ရေးမှစ၍ အာမခံမှုရှိအောင် ဆောင်ရွက်သင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားများအား အဆင်ပြေပြေ အာမခံချက်ရှိရှိ ခရီးသွားနိုင်ရန် တာဝန်ယူတာဝန်ခံပေးရမှာဖြစ်သလို ခရီးသွားများကို ဝန်ဆောင်မှုပေးမည့် လုပ်ငန်းရှင်များ လုပ်ငန်းကို အဆင်ပြေပြေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တက်ရောက်လာသူများက ခရီးသွားလုပ်ငန်းများကို ဖိစီးမှုမဖြစ်စေဘဲ Outbound ခရီးသွားများကို အာမခံချက် ဘယ်လိုပေးနိုင် မည်ဆိုသည်ကို ဝိုင်းဝန်းဆွေးနွေးပေးရန် မေတ္တာရပ်ခံ ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လိုင်စင်များ ထုတ်ပေးခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးပြီးဖြစ်သဖြင့် ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေး ပြည့်မီစေရေး၊ အာမခံမှုရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများနှင့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များပူးပေါင်း၍ ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်မှုများ ချမှတ်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်နော်ပန်းသဉ္ဇာမျိုးက လာမည့် မေ ၁၅ ရက်တွင် ပြည်ပမှ မြန်မာနိုင်ငံသားများ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရန်ရှိရာ Hotel Quarantine လုပ်နိုင်ရေးအတွက် လုံလောက်သော Volunteer Hotel များရရှိရန် ဝိုင်းဝန်းကူညီစေလိုကြောင်း ဆွေးနွေးတင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များက ပြည်ပခရီးသွားလုပ်ငန်း (Outbound Tour) များ အရည်အသွေးပြည့်မီစေရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် အခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်